A d v e r t i s e m e n t With Us

ရုပ်သံလွှင့်ဥပဒေကြမ်း အတည်ပြုလိုက်သည့်အပေါ် ဦးခိုင်မောင်ရီကို မေးမြန်းချက်

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေထဲမှာ အများပြည်သူ ၀န်ဆောင်မှု ဆိုတဲ့ မာတီမီဒီယာ အသုံးအနှုန်းတွေ တင်းကြမ်းပါဝင်နေပေမယ့် အများပြည်သူ ၀န်ဆောင်မှု မဖြစ်တာ တွေ့ရတယ်လို့ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောပါတယ်။ အခု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေထဲမှာ လက်ရှိ မီဒီယာထောင်ပြီး အလုပ်လုပ်နေသူတွေဟာ ရုပ်မြင်သံလွှင့်လုပ်ငန်းလုပ်လိုရင် ၃၀ ရာခိုင်နှုန်းပဲ ပါဝင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထာတာမို့ နိုင်ငံသားတိုင်း တန်းတူလုပ်ကိုင်ခွင့် ဆုံးရှုံးနေတယ်လို့လည်း သူက ထောက်ပြပါတယ်။ မြန်မာ့ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားဆက်ဆံကော်မတီဝင် ဦးခိုင်မောင်ရည်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကော်မတီအနေနဲ့ စိတ်တိုင်းကျ ပြင်လိုက်နိုင်လား၊ ဒါမှမဟုတ် ဘယ်ပုံဘယ်နည်းနဲ့ အတည်ဖြစ်သွားပါလဲ။ “နောက် မေးခွန်းကို အရင် ဖြေလိုက်ပါမယ်။ အဓိကတော့ ဥပဒေကြမ်းကော်မတီကနေ အပိုဒ်အသစ် ထပ်ထည့်ပါတယ်။ အယူခံနိုင်ခြင်းဆိုတဲ့ အပိုဒ်သစ် ထပ်ထည့်ရာမှာ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ရက်ပေါင်း ၃၀ အတွင်း အဖွဲ့သို့ အယူခံနိုင်သည် ဆိုတဲ့အပိုဒ်ရယ်။ နောက် ဒုတိယတပိုဒ်မှာက ဒီဟာနဲ့ပတ်သက်ပြီး အဖွဲ့ကနေ စုံစမ်းဆောင်ရွက်ရမယ်ဆိုတဲ့ ဟာကို ထည့်ထားတာ တွေ့ရပါတယ်။ နောက် တတိယ အပိုဒ်မှာတော့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဆိုတော့ ဒီအဖွဲ့က လုပ်ပိုင်ခွင့်တွေ ရှိနေတယ်ဆိုတဲ့ကိစ္စကို ဖော်ပြထားတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စက ကောင်စီရဲ့ ကိစ္စ ဖြစ်ပါတယ်။ အဖွဲ့ဆိုတာတွေရဲ့ ကိစ္စကို ရုပ်သံဆိုတဲ့ကိုတွေမှာ ကင်းလွတ်အောင် လုပ်ချင်တာပါ။ ဒါပေမယ့် အဖွဲ့က မကင်းလွတ်ဘဲနဲ့ အဖွဲ့က နေရာတကာပါနေတဲ့ သဘောဖြစ်တဲ့အတွက် အဖွဲ့ကို အခန်းတခန်းလုံးဖြုတ်ဖို့အတွက် ဆန္ဒရှိတာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံတော်သမ္မတထံ ရက်ပေါင်း ၃၀ အတွင်း အယူခံနိုင်သည်ဆိုတဲ့အချက်နဲ့ အတည်ပြုကြတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ပိုဒ်က မပါတော့တဲ့အတွက် ပယ်ဖျက်ရန်ဆိုတဲ့အပိုဒ်ကို ပယ်ဖျက်သွား ပါတယ်။ တပိုဒ်က အဖွဲ့နေရာမှာ သမ္မတ ဖြစ်သွားတဲ့အတွက် ဒါကို ကျနော်တို့ အနေနဲ့ လက်ခံလိုက်ပါတယ်။” ဦးခိုင်မောင်ရည် စောစောကပြောသွားတဲ့ ကောင်စီဆိုတာက သမ္မတရယ် လွှတ်တော်ဥက္ကဋ္ဌ ၂ယောက်ရယ် စာရင်းပေးပြီး ဖွဲ့မယ့် ကောင်စီ၊ အဖွဲ့ဆိုတာက ပြန်ကြားရေးက ဖွဲ့တဲ့ အဖွဲ့ လား၊ အဲ့ဒီကောင်စီနဲ့ အဖွဲ့နဲ့ ဘာကွာသလဲခင်ဗျ။ “ဟုတ်ပါတယ်ခင်ဗျ၊ တကယ်တော့ ကောင်းစီဆိုတာက သမတရယ် လွှတ်တော်ဥက္ကဋ္ဌ ၂ယောက်ရယ် ဦးရေတူညီစွာ ခန့်ရမယ့်ကောင်စီဝင် ၉ဦး ဖြစ်ပါတယ်၊သမတက ၃ဦး ပြည်သူ့လွှတ်တော်က ၃ ဦး အမျိုးသားက ၃ ဦး ခန့်ရမယ့် ကောင်စီပါ၊ ဒါပေမယ့် ဥပဒေပါ ၈၁ ချက်ကို လက်ခံပြီးတော့ ၁၁ချက်ကိုတော့ ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြန်ပြင်ပါမယ် ဆိုပြီးတော့ အဲ့ဒီအချက်ကို သိချင်ပါတယ်ဆိုတာကို သိခွင့် မရလိုက်ဘဲနဲ့ ဥပဒေကြမ်းကော်မတီ က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး သမတဆီပေးပို့လိုက်တဲ့အခါကျမှ အချက်အသေးစိတ်ကို ကျနော်တို့ ဖတ်ရတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဦးရေ တူညီစွာ စာရင်းပေးထားတဲ့သူထဲက ၉ ဦးကို သမ္မတက ရွေးချယ်ရန်ဆိုတော့ အဲဒီ ၉ ဦးကို သမ္မတကပဲ ရွေးမယ့်သဘောဖြစ်တယ်၊ သမ္မတ တင်တဲ့ ၆ ယောက်စလုံးက ပါသွားမယ့်သဘောဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၃ ယောက်ပဲ ရစရာရှိပါတယ်။ အဲဒီအခွင့်အရေးကို တကြိမ်ဆုံးရှုံး လိုက်ရတာဖြစ်ပါတယ်။ ဒါဟာ ဥပဒေကြမ်းကော်မတီက ဆောင်ရွက်သွားတာဖြစ်ပါတယ်။ အဲဒီအတွက် ဒါတွေနဲ့ ပတ်သက်ပြီး လိုက်ပြင်လို့ မရနိုင်တော့တဲ့အတွင်းမှာ သမ္မတဆီက ထောက်မြင်ချက်နဲ့ တင်လာတဲ့ ၁၇ ချက်ကိုပဲ ကျနော်တို့ ပြင်ခွင့်ရှိတဲ့အတွက် အဲဒီမှာ အဖွဲ့ဆိုတာတွေ ပါတဲ့အတွက် အဖွဲ့ပါတဲ့နေရာတွေကို လိုက်ဖျက်ပါတယ်။ အဖွဲ့ဆိုတာ ပြန်ကြားရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အခြားဝန်ကြီးဌာနတွေကနေ အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အတွင်းဝန်၊ အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက် ဒီအဖွဲ့ဆိုတဲ့ကိစ္စဟာ ကောင်စီရဲ့ အပေါ်ကို ရောက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီအတွက် ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်လျှင် အဖွဲ့ထံ အယူခံတက်ရမယ်ဆိုတော့ အဖွဲ့ရဲ့အထက်မှာ ကောင်စီရှိတဲ့သဘော သက်ရောက်သွားတဲ့အတွက် ဒါကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ဒီအတွက် ဒါကို ကျနော်တို့ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအယူခံ တပိုဒ်လုံးကို ပယ်ဖျက်တာ ဖြစ်ပါတယ်။ အပိုဒ် ၃ ပိုဒ်ပါပါတယ်။ အဲဒီ ၃ ပိုဒ်လုံးကို ပယ်ဖျက်တာမှာ ပြည်ထောင်စုလွှတ်တော်မှာ ဒီဟာနဲ့ပတ်သက်ပြီး ရပ်ဆိုင်းသွားပါတယ်။ ပြန်လည်ညှိနှိုင်းပြီးတော့ မှ ဆောင်ရွက်ပါမယ်ဆိုတဲ့ အနေအထားနဲ့ ကျနော်တို့ ညှိနှိုင်းကြတယ်။” “ညှိနှိုင်းတဲ့အခါမှာလည်း ကျနော်တို့က အကြိတ်အနယ် ညှိနှိုင်းကြတာ မဟုတ်ပါဘူး။ ဒီနေ့ရာမှာ သမ္မတ ထည့်လိုက်ပါမယ်၊ လက်ခံပါသလားဆိုပြီး မေးပါတယ်။ မေးတော့ အဲ နှစ်ပိုဒ်ကိုလည်း ဖြုတ်မှရမယ်ဆိုပြီး ကျနော်တို့ဘက်က ပြောပါတယ်။ (က) အပိုဒ်မှာ အဖွဲ့သို့ ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်နဲ့အညီ အယူခံ နိုင်တယ်ဆိုတဲ့ အပိုဒ်တပိုဒ်ရယ်၊ (ခ) မှာ အဖွဲ့သည် ပုဒ်မခွဲ (က) အရ အယူခံမှုကို စိစစ်ကြားနားပြီး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်စေသည့် ပြန်လည်တင်ပြစေရန် ဆုံးဖြတ်ချက် ပြုနိုင်သည်ဆိုတော့ ကောင်စီကိုတောင်မှ သူက စုံစမ်းစစ်ဆေးမှု လုပ်နိုင်တယ် ဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ ဒါဟာ မလိုလားအပ်တဲ့ အာဏာချုပ်ကိုင်မှုဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့က ဒီအချက်ကို လုံးဝ ဖျောက်မှရမယ်ဆိုပြီး (ခ) ရယ်၊ (ဂ) ရယ် နှစ်ချက်ကို မပါဖို့ အဓိက ကျနော်ပြောပါတယ်။ အဲဒီအတွက် (ခ) နဲ့ (ဂ) မပါတော့ဘဲနဲ့ အပေါ် (က) အပိုဒ်မှာပဲ အဖွဲ့နေရာမှာ သမ္မတ အစားဝင်လာပါတယ်။ အဲဒီအတွက် ကျနော်အနေနဲ့ လွှတ်တော်မှာ လက်ခံနိုင်ပါကြောင်း ဆိုတဲ့သဘောမျိုး ကျနော်တို့ ကော်မတီ အနေနဲ့လည်း လက်ခံနိုင်ပါတယ်ဆိုတဲ့သဘောမျိုး အနေအထားနဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ လက်ခံပါတယ်လို့ ကျနော်ပြောပါတယ်။ အဲဒီအတွက် အတည်ဖြစ်သွားပါပြီ။” ကောင်စီဆိုတာက ဖွဲ့တဲ့အခါမှာ သမ္မတ တင်တဲ့သူ ၆ ယောက်နဲ့ လွှတ်တော် ၂ ရပ်ပေါင်း တင်တဲ့သူ ၃ ယောက်၊ ပေါင်း ၉ ယောက်ဖြစ်သွားတာပေါ့။ “အဲလိုမဟုတ်ပါဘူး၊ အဲလိုမဟုတ်ဘဲနဲ့ ဦးစွာ သမ္မတ ပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ၆ ဦးစီ ဦးစွာ တင်ရပါတယ်။ ၆ ဦးစီတင်တဲ့ထဲက ၁၈ ဦး ရပါတယ်။ အဲဒီ ၁၈ ဦးထဲက သမ္မတ ကြိုက်တဲ့သူ ၉ ဦးကိုသာ ကောင်စီဝင်အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်။ ခန့်အပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့ နဂို ဥပဒေ ရေးဆွဲစဉ်က အဲလိုမဟုတ်ပါဘူး။ ၉ ဦးဟာ အညီအမျှ ပြည်သူ့လွှတ်တော်က ၃ ဦး၊ အမျိုးသားလွှတ်တော်က ၃ ဦး၊ သမ္မတက ၃ ဦး ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သွေဖည်သွားတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီပြင်ဆင်ချက်ကို မမြင်လိုက်ရပါဘူး။ အဲအတွက် ဒါဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ ကောင်စီဝင် ၉ ဦးဟာ သမ္မတခန့်သူသာ ဖြစ်သွားပါတယ်။ သို့သော် သမ္မတ စာရင်းပေးတဲ့ ၆ ဦးနဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တို့က စာရင်းပေးတဲ့ ၃ ဦးပဲသာ ကျန်ရှိတော့မယ့် အနေအထားမျိုး ရောက်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ နောက်တခုက ဂျာနယ်တွေမှာ ရေးနေတာက ဒီဥပဒေမှာ လက်ရှိ ပြည်တွင်းမှာ ဂျာနယ်တိုက် ပိုင်ရှင်တွေက ရုပ်မြင်သံကြားတို့ အသံလွှင့်တို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ဆိုတဲ့ ဝေဖန်ချက်ရှိတယ်။ အဲဒါ မှန်လားဗျ။ အခုဥပဒေမှာ ဘယ်လို ပြဋ္ဌာန်းလိုက်ပါသလဲ။ “ဒါဟာ press media နဲ့ broadcast media ၂ ခုရဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီနေရာမှာ ဥပဒေကြမ်းစတင်တုန်းက press media လုပ်နေတဲ့သူတွေအနေနဲ့ broadcast media မှာ လုပ်ပိုင်ဆောင်ရွက်ခွင့် မရှိတဲ့သဘောကို ဥပဒေထဲမှာ ရေးထားပါတယ်။ press media ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်နေတဲ့သူတွေ  broadcast media တခုခုကို ဆောင်ရွက်ခွင့်မရှိ ဆိုပြီးတော့ ဥပဒေ ပြဋ္ဌာန်းလာပါတယ်။ အဲဒီအပိုဒ်ကို လုံးဝ ပယ်ဖျက်လိုက်ပါတယ်။ ပယ်ဖျက်တာနဲ့ ပတ်သက်ပြီးတော့ တဖက်မှာ ဥပဒေကြမ်းကော်မတီနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညှိနှိုင်းပြီးတော့မှ အဲဒီအချက်က ပြန်ပါလာရာမှာ press media  လုပ်ငန်းလုပ်ကိုင်သူ တခုကို အပြည့်ဆောင်ရွက်နေသူဟာ broadcast media မှာ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ခွင့်ရှိတယ် ဆိုတဲ့ အချက်ပါလာပါတယ်ခင်ဗျ။ အဲဒီအတွက် press media သမားတွေ အနေနဲ့ broadcast media တခုခု လုပ်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်းပဲ ဆောင်ရွက်ခွင့်ရှိမှာဖြစ်ပြီးတော့ broadcast media သမားကျတော့ press media ကို ဘယ်လောက်ဆောင်ရွက်ခွင့် ရှိတယ် မရှိဘူးဆိုတာ ပြဋ္ဌာန်းမထားတဲ့အတွက်  broadcast media သားကတော့ press media ကို ကြိုက်တာ လုပ်လို့ရတဲ့ သဘောဖြစ်သွားပါတယ်ခင်ဗျ။ ဒါဟာ ဥပဒေမှာ COMFLICT ဖြစ်သွားနိုင်တယ်လို့ မြင်ပါတယ်။” အခုအဲဒီအတိုင်း အတည်ဖြစ်သွားပြီလားခင်ဗျား။ “အတည်ဖြစ်သွားပါပြီခင်ဗျ။” အခု ပထမဆုံး မြန်မာနိုင်ငံမှာထွက်လာတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေဟာ ဒီလုပ်ငန်းတွေ လုပ်ချင်သူတွေအတွက် ဘယ်လောက်ရာခိုင်နှုန်းလောက် အဆင်ပြေနိုင်ပြီးတော့ ဘယ်လောက်ရာခိုင်နှုန်းလောက် အဆင်မပြေနိုင်ဘူးလို့ သုံးသပ်လို့ ရပါသလဲခင်ဗျာ။ “တကယ်တော့ လူတိုင်းဟာ broadcast media ကို ဆောင်ရွက်ပိုင်ခွင့်ရအောင် ရေးဆွဲကြတာဖြစ်တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးဆွဲနိုင်ဖို့ ကျနော်တို့ ဆန္ဒရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဥပဒေမှာ အဲဒီလို တချို့ကိစ္စလေးတွေမှာ လာရောက်ပြီးတော့မှ လူတိုင်းက ဆောင်ရွက်ခွင့်မရအောင်၊ press media သမားတွေအနေနဲ့ အပြည့်အ၀ ဆောင်ရွက်ခွင့် မရအောင် အတားအဆီးတွေ့နေရပါတယ်။ နောက်တခုက ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သုံးနေတဲ့အထဲမှာက public service media (အများပြည်သူဝန်ဆောင်မှု မီဒီယာ)လို့ သုံးပြီးတော့မှ အများပြည်သူဝန်ဆောင်မှု မီဒီယာ မဖြစ်တာကိုတော့ တွေ့ရပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုရင် အများပြည်သူဝန်ဆောင်မှု မီဒီယာ Multi Media လို့ သုံးတဲ့အခါမှာ Multi Media က မီဒီယာတခုထက်ပိုတဲ့ဟာကို Multi Media လို့သုံးပါတယ်။ အဲဒီတော့ Multi Media ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားကို ဒီမှာ အကြိမ်ကြိမ်သုံးထားပါတယ်။ ဒါပေမယ့် Multi Media တော့ မဖြစ်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။ အဲဒီအတွက် တခုလုပ်တဲ့သူက နောက်တခုမှာ ၃၀ရာခိုင်နှုန်းပဲ လုပ်ရမယ်ဆိုရင် သူ့အတွက်က ၇၀ ရာခိုင်နှုန်းဆုံးရှုံးမှု ရှိနေတယ်ဆိုတာ ကိုတော့ မြင်နေရပါတယ်။ ဒီတော့ ကောင်စီဖွဲ့တဲ့အခါမှာ ဒီဥပဒေထွက်ပြီး ၆ လအတွင်း ကောင်စီ ဖွဲ့စည်းရန်ဆိုတာ ဒီအထဲမှာ ပြင်လိုက်ပါတယ်။ ၁ နှစ်အတွင်း အစား ၆ လအတွင်းလို့ ပြင်လိုက်တဲ့အတွက် ဒီဥပဒေထွက်ပြီးတာနဲ့ ၆ လအတွင်းမှာ ကောင်စီကိုဖွဲ့ရတော့မှာ ဖြစ်ပါတယ်။ ကောင်စီဖွဲ့ပြီးတာနဲ့ လိုင်စင်ကို တင်လို့ရပါပြီ။ သို့သော် နဂိုဆောင်ရွက်နေတဲ့ သူတွေသည် နဂိုလုပ်ငန်းတွေသည် နဂိုအမိန့်ညွန်ကြားချက်နဲ့ ဆောင်ရွက်နေသူတွေသည် နဂိုအတိုင်းပဲ ရှိမြဲခံစားခွင့်ရနေမှာ ဖြစ်တဲ့အတွက် နဂိုလူတွေက နဂိုဥပဒေနဲ့သွားပြီးတော့ နောက်လူတွေက နောက်ဥပဒေနဲ့ သွားတဲ့အခါ၊ လူသစ်တွေအတွက် နေရာဟောင်းတွေကို မရနိုင်သေးတဲ့အနေအထားမျိုး မြင်နေရပါတယ်ခင်ဗျ။ ဒါဟာဆိုရင် ဥပဒေက လူသစ်တွေ နိုင်ငံသားတွေကို (သို့မဟုတ်) နိုင်ငံတကာနဲ့ ဆက်စပ်ပြီး ဆောင်ရွက်မယ့်သူတွေကို အခွင့်အလမ်းပေးသော်လည်းပဲ အခွင့်အလမ်းတွေက လူဟောင်းတွေကို အကာအကွယ် ပေးထားဆဲ ဖြစ်တယ်လို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။” ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ အဲဒီဥပဒေကြမ်းကို တင်ပြီးတော့ မဲခွဲတာနဲ့ အတည်ပြုတာလား၊ ဘယ်ပုံဘယ်နည်း အတည်ပြုလိုက်တာလဲ။ “အတည်ပြုတဲ့အခါမှာ မဲခွဲတဲ့အနေအထားကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံသူများတဲ့အတွက် အတည်ဖြစ်သွားပါတယ်။”

A d v e r t i s e m e n t With Us

More News
Up