သားဆက်ခြား ကျန်းမာရေး တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်မည်

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်
2.4K
အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းမှ ကာကွယ်ဖို့ သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေး ဒု-ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောကြားလိုက်ပါတယ်။
သြဂုတ် ၂၆ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အန်အယ်လ်ဒီ အမတ် ဒေါက်တာ မေဝင်းမြင့်ရဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ သေဆုံးမှု လျှော့ချရေးကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ၀န်ကြီးက ဖြေကြားသွားတာပါ။
ဒု-ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးနဲ့ သားဆက်ခြားဆေးဝါးတွေ ဝယ်ယူရန် အစိုးရက သီးသန့်ရန်ပုံငွေ ချထားခဲ့ပြီး ၂၀၁၄-၁၅၊ ဘဏ္ဍာနှစ်မှာ ကျပ်ငွေသန်းပေါင်း ၅၀၀ တန်ဖိုးရှိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်းနဲ့ သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြည်နယ်တိုင်း ၄ ခုရှိ မြို့နယ် ၁၂ မြို့နယ်မှာ ရှေ့ပြေးဆောင်ရွက်နေပြီး ၂၀၁၆ မှ ၂၀၁၈ အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ ဆောင်ရွက်မယ်လို့ လွှတ်တော်မှာ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်က အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်း ၁၀၀၀ မှာ ၁၀၈ ဦးရှိရာက ၂၀၁၃ ခုနှစ်မှာ ၅၀ လောက်ထိ ကျဆင်းခဲ့သလို မီးတွင်းမိခင်သေဆုံးမှု နှုန်းဟာလည်း ၁၉၉၀ မှာ ကလေး ၁၀၀၀၀၀ မွေးရင် မိခင်သေဆုံးနှုန်း ၅၅၀ ရှိရာက ၂၀၁၃ ခုနှစ်မှာ ၂၀၀ အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ လက်ရှိ ဂျီဒီပီရဲ့ ၃ ဒသမ ၃၈ ရာခိုင်နှုန်းရရှိပြီး ၅ ရာခိုင်နှုန်းရသည်အထိ တိုးမြှင့်ပေးနိုင်ဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့လည်း ဒု-၀န်ကြီးက ဖြေကြားသွားပါတယ်။