Home
ဆောင်းပါး
မဲတပြားစီ မဲတပြားစီနဲ့ ဘုရားတည်ပါ
DVB
·
August 27, 2015
လာမယ့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲကြီးဟာ ဖိနှိပ်သူ စစ်အာဏာရှင်တွေနဲ့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရေးဆိုင်ရာ ယှဉ်ပြိုင်ပွဲကြီးပါ။ တနည်းအားဖြင့် ပြောရရင် အသားစားခြင်္သေ့တွေနဲ့ အစားမခံလိုတဲ့ ဧရာမမြင်းကျားအုပ်ကြီးရဲ့ ရှင်သန်ရေး တိုက်ပွဲလို့ တင်စားရင်လည်း ရပါတယ်။ စစ်အာဏာရှင်တွေဟာ အရေအတွက်အားဖြင့် နည်းပါးပေမယ့် လက်သည်းခြေသည်းတွေ၊ အစွယ်တွေနဲ့တူတဲ့ လူသတ်လက်နက်တွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ၊ နိုင်လိုမင်းထက် ပြုလိုစိတ်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုင်ဆိုင်ပါတယ်။ အဖိနှိပ်ခံပြည်သူတွေမှာတော့ များပြားတဲ့ အရေအတွက်ရယ်၊ မူလပိုင်ရှင်အမှန်ဖြစ်တာရယ်၊ အဖိနှိပ်မခံလိုတဲ့စိတ်၊ ရှင်သန်လိုစိတ်နဲ့ စည်းလုံးညီညွတ်မှုအားတွေ ရှိပါတယ်။ ဒီတော့ ကျနော်တို့ ပြည်သူလူထုတတွေ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ကြီးကတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ညီညီညွတ်ညွတ်၊ မှန်မှန်ကန်ကန် မဲပေးခြင်းနဲ့ အသားစားခြင်္သေ့တွေကို စည်းလုံးခြင်းအားနဲ့ ပြည်သူ့အာဏာ စားကျက်မြေကနေ မောင်းထုတ်သလို၊ လှောင်ချိုင့်ထဲ ပြန်သွင်းသလို၊ စစ်တပ်ကို ဘားတိုက်ထဲပြန်ပို့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မှန်မှန်ကန်ကန် ညီညီညွတ်ညွတ် မဲပေးနိုင်ဖို့အတွက် ကျနော်တို့ ပြည်သူတွေဟာ မပြတ်မသားေ၀၀ါးနေလို့မရပါဘူး။ အနှစ်သာရကိုမကြည့်ဘဲ၊ ရေရှည်အမြင်မထားဘဲ၊ အပေါ်ယံ တိမ်တိမ်လေးတွေးပြီး မဲပြားသွားမှာကိုလည်း အဖြစ်ခံလို့ မရပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲဟာ ဖိနှိပ်မှုတွေ နိဂုံးသတ်ပေးမယ့်ပွဲဖြစ်တယ်။ မတရားမှု၊ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ရော၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပြည်ခိုင်ဖြိုး ဘက်မှာပါ ဘယ်ဘက်မှ မပါဘူးဆိုပြီး တတိယအုပ်စုလိုလို ကြွေးကြော်ပြီး ဒီလို အချိန်အခါမှာ ကြားနေတယ်ဆိုတာ ရိုးသားမှုမရှိပါဘူး။ တကယ်တမ်း သေသေချာချာ စေ့ငုဆန်းစစ်လိုက်ရင် ဖိနှပ်သူဘက်က ရပ်တည်တာနဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ နှစ်မျိုးပဲရှိတာပါ။ ကြောက်လို့ပဲဖြစ်စေ၊ အကျိုးစီးပွားတခုကြောင့်ဖြစ်စေ ရက်စက်ကြမ်းကြုတ်မှု၊ ဖိနှိပ်မှုကို အသည်းအသန် ရင်ဆိုင်နေရချိန်မှာ ရပ်ကြည့်သူပဲဖြစ်ဖြစ် ဘက်မလိုက်ဘူးဆိုပြီး ကြားနေလိုက်ခြင်းဟာလည်း ဖိနှိပ်သူဘက်က ရပ်တည်လိုက်တာပါပဲ။ ရပ်ကြည့်သူတွေကတော့ ကိုယ်နဲ့မျိုးတူ မြင်းကျားတွေကို ခြင်္သေ့တွေက လိုက်လံကိုက်ဖြတ် စားသောက်နေတာကို ကိုယ်နဲ့မဆိုင်သလို မြက်စားမပျက် ရပ်ကြည့်နေတဲ့ မြင်းမိုက်တွေနဲ့တူသလို၊ ပါတီကြီးနှစ်ခုကတော့ အားကိုးလို့မရဘူး၊ ပါတီငယ်တွေထောင်ပြီး ပြည်သူတွေဝေဝါး မဲပြားအောင် လုပ်နေသူတွေဟာ ခြင်္သေ့တွေကို မြင်းကျားအုပ်ကြီး အသည်းအသန် ရင်ဆိုင်နေရချိန် မွေးကင်းစ မြင်းကျားလေးတွေကို အလစ်ဝင်ဆွဲစားတဲ့ ဟိုက်ဟီးနားခွေးအ ခွေးရွှေတွေနဲ့ အတူတူပါပဲ။ ဒီလိုရေးတော့ တချို့က တွေးကြမယ်။ ဒီမိုကရေစီဆိုတာ ပါတီစုံစနစ်ပါ၊ စာရေးသူက ဒီမိုကရေစီစနစ် အားကောင်းမောင်းသန် မဖြစ်စေချင်ဘူးလို့ ထင်ကြမယ်။ ရှင်းရှင်းပဲပြောမယ်၊ အခုအခြေအနေက ဒီမိုကရေစီစနစ်ကို မရောက်သေးဘူး။ အဲ့ဒီစနစ်ဆီသွားဖို့ မသွားဖို့ကို ဆုံးဖြတ်ရမှာက ၇၅ ရာခိုင်နှုန်း မဲပေါ်မှာ လုကြရမှာ မဟုတ်လား။ လွှတ်တော်ထိုင်ခုံ ၂၅ ရာခိုင်နှုန်းက စစ်ဓားပြတိုက်ခံထားရတယ်လေ။ အဲ့ဒီ ၇၅ ရာခိုင်နှုန်း ကျန်တဲ့အထဲကမှ ထပ်လုယူဖို့၊ ဖဲ့ယူဖို့ အမျိုးသားတိုးတက်ရေးပါတီတို့၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ စတာတွေနဲ့ မဲပြားအောင် လုပ်ဆောင်လာတာဟာ ရိုးရိုးသားသားလား၊ တမင်ရည်ရွယ်ချက်နဲ့လားဆိုတာ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း မရှိတော့တဲ့တနေ့မှာ ကြိုက်သလောက် ပါတီတွေ တစင်ထောင်တာဆိုရင် လက်ခံပါတယ်။ အခုဟာက ပြည်သူတွေရဲ့ ဒီမိုကရေစီအိပ်မက်ကို လိုက်ဖျက်သလို ဖြစ်နေလို့ပါ။ မမှည့်သေးတဲ့အသီးကို ခူးစားတာ မိုက်မဲလွန်းရာကျသလို ပြည်သူ့အကျိုးကို ထည့်သွင်းစဉ်းစားရာ မရောက်သမို့ အတ္တကြီးလွန်းတဲ့ ဖျာကြိုခင်းမှုလို့ပဲ ဆိုချင်တယ်။ နောက်တချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ အဓိကနဲ့ သာမညကို ခွဲမပြောဘဲ မသိနားမလည်တဲ့ ပြည်သူတွေေ၀၀ါး နားယောင်လာအောင်၊ ညီညွှတ်မှုပြိုကွဲအောင် သာမညအချက်တွေအပေါ် အပြစ်တင် ရှုတ်ချမှုတွေနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ စေတနာ အရင်းခံပြီး ကာလံ ဒေသံ အဂ္ဂံနဲ့ ချိန်ဆဝေဖန် အကြံပြုတာမှန်သမျှကိုတော့ ကြိုဆိုပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ မွေးဖွားလာတဲ့ တခုတည်းသော အင်အားအကြီးဆုံး ပြည်သူ့ပါတီတရပ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီနေ့အချိန်ထိ ဒီမိုကရေစီရေးနဲ့ ပြည်သူ့အကျိုးစီးပွားကို သစ္စာမဖောက်သေးပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မြန်မာပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုသလို မြန်မာနိုင်ငံရဲ့ တခုတည်းသော အင်အားအကြီးဆုံး ဒီမိုကရေစီိ သင်္ကေတဖြစ်သလို၊ အဖိနှိပ်ခံ ပြည်သူအများစုရဲ့ လွတ်မြောက်မှုအတွက် မျှော်လင့်ချက်အိပ်မက်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အများစုရဲ့ အနာဂတ် ဒီမိုကရေစီရေး အလံတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမြင့်ဆုံးလွှင့်ထူ သယ်ဆောင်နေဆဲပါ။ ဒါဟာ ငြင်းကွယ်လို့မရတဲ့ အရှိတရားနဲ့ တကယ့်အနှစ်သာရပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိုးနှက်ခြင်းဟာ မိဘပြည်သူကို တိုက်ခိုက် အန္တရာယ်ပြုခြင်းပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ တမင်မရည်ရွယ်ဘဲဖြစ်စေ မိမိပုဂ္ဂိုလ်ရေး ခံစားချက် အမြင်မကြည်လင်မှုကြောင့် ဖြစ်စေ၊ မိမိအကျိုးစီးပွားအတွက်ဖြစ်စေ၊ မိမိအဖွဲ့အစည်း အကျိုးစီးပွားဘက်ကဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အားနည်းချက်တချို့ကြောင့်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်ခြင်း၊ အထင်အမြင်လွဲအောင် လုပ်ဆောင်ခြင်း၊ အန်အယ်လ်ဒီရဲ့ အားနည်းချက်ကို မထိရောက်သော နည်းလမ်းတို့ဖြင့် ထောက်ပြဝေဖန်ခြင်းအားဖြင့် ညီညွတ်မှု ပြိုကွဲအောင် ကြံစည်လုပ်ကိုင်မှု အားလုံးဟာ မြန်မာပြည် ဒီမိုကရေစီရေးကို ချေမှုန်းရာ ရောက်နေသလို မိမိကိုယ်ကို ဓားနဲ့ပြန်ထိုးနေတဲ့သူရဲ့ မိုက်မဲခြင်းနဲ့ တူနေတာ သတိပြုပါ။ ဘာကြောင့်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ကို မရောက်သေးလို့ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီ မပေးချင်တဲ့၊ ကောက်ကျစ်ဉာဏ်များတဲ့ စစ်အာဏာရှင်နဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ ဒီမိုကရေစီရေး နှောင့်နှေးအောင် အပြင်းထန်ဆုံး သွေးခွဲခြေထိုးနေတဲ့ အချိန်ဖြစ်နေလို့ပါပဲ။ အနှစ်ချုပ်အနေနဲ့ ပြောချင်တာက လာမယ့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲကြီးဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်တဲ့ပွဲ သက်သက်တင် မဟုတ်ပါဘူး။  စစ်ကျွန်သက် ထပ်တိုးမှာလား၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားမှာလားဆိုတာ အဆုံးဖြတ်ခံမယ့် ပွဲလည်း ဖြစ်ပါတယ်။ မိမိရဲ့ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်၊ ရပ်တည်ချက်တွေဟာ ပြည်သူလူထုကို သစ္စာမဖောက်မိစေအောင် ဂရုပြု ဆင်ခြင်ကြစေလိုပါတယ်။ အဖိနှိပ်ခံပြည်သူ အမျက်စူးမခံရစေဘဲ ပြည်သူဘက် အကူးမှန်နိုင်ကြစေလိုပါတယ်။ အနှစ်နဲ့အကာ ခွဲခြားလို့ မိဘပြည်သူဘက်ကို ပြတ်ပြတ်သားသား ဘက်လိုက်ကြဖို့ နှိုးဆော်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ တရားဥပဒေစိုးမိုးလာစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ အဖိနှိပ်ခံပြည်သူတွေရဲ့ ငိုညည်းသံဆိတ် မျက်ရည်တိတ်စေဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ။ လူတိုင်း မွေးရာပါ လူ့အခွင့်အရေးကို ခံစားနိုင်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ လူတိုင်းအတွက် ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေဖြစ်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ အကျင့်ပျက်ခြစားမှုတွေ ရှင်းလင်းသုတ်သင်နိုင်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့ရင်ကော့နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ပျားရည်မြစ်တွေ စီးဆင်းစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ လက်လုပ်လက်စား ဆင်းရဲသားလည်း ဘုရားတည်နိုင်အောင်၊ လယ်သမားလည်း ဘုရားတည်နိုင်အောင်၊ အလုပ်သမားလည်း ဘုရားတည်နိုင်အောင်၊ အစိုးရ၀န်ထမ်း၊ ပွဲစားကုန်သည်၊ ဈေးဝယ်ဈေးသည် ရှိရှိသမျှ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘုရားတည်သလိုမျိုး ကုသိုလ်ကောင်းမှု ပြုနိုင်အောင်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခြင်းအားဖြင့် မဲတပြားစီ မဲတပြားစီနဲ့ ဘုရားတည်နိုင်ကြပါစေ။ မင်းကောင်းချစ် ၂၃ - ၀၈ - ၂၀၁၅
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024