ချင်းမိုင် တွင် ကမ္ဘာလှည့်ခရီးသည် ၃ ဦး စီးသည့်ဆင် ဆင်ထိန်းကိုသတ်ပြီး ထွက်ပြေး

3.3K
ထိုင်းနိုင်ငံ ချင်းမိုင်က ဆင်စခန်းတခုမှာ မုန်ယိုနေတဲ့ ဆင်တကောင်က ဆင်ထိန်းကို အစွယ်နဲ့ ထိုးသတ်ပြီး တောထဲတွက်ပြေးသွားရာမှာ ကမ္ဘာလှည့်ခရီးသည် ၃ ဦးပါ ပါသွားတယ်လို့ ဒေးလီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ ဆင်စီးပြီး တောတောင်အလှ လှည့်လည်ရှုစားလေ့ရှိတဲ့ ချင်းမိုင်ခရိုင် မယ့်ဝမ်းမြို့နယ် မယ့်ဝမ်းချောင်းစပ်က ဆင်စခန်းတခုမှာ သြဂုတ်လ ၂၆ ရက် မနက်က ဖြစ်ပွားခဲ့တာပါ။
ဆင်တကောင်မုန်ယိုတဲ့အတွက် ဆင်ထိန်း ၁ ဦး သေဆုံးခဲ့ရပြီး ဆင်ပေါ်က နိုင်ငံခြားသား ၃ ဦးလည်း ဆင်နဲ့အတူ တောထဲမှာ ပျောက်ဆုံးနေတယ်လို့ မယ့်ဝမ်းမြို့မရဲစခန်း တာဝန်ကျ စခန်းမှူး ဆုဖကျန်း ကျန်းထချိုက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာ ဆင်စခန်းကို ရောက်ရှိချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အထိတ်တလန့် ထွက်ပြေးနေကြပြီး ဆင်ထိန်းတဦးလည်း လည်ပင်းမှာ ဒဏ်ရာ၊ ဘယ်ဘက်နံရိုးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ စခန်းမှူးက ဆက်ပြောပါတယ်။
သေဆုံးသူ ဆင်ထိန်းမှာ ကရင်တိုင်းရင်းသား နိုင်းဆုရချိုင်း တိုင်ဖုမိဖတ် (အသက် ၄၀) ဖြစ်ပြီး တရုတ်နိုင်ငံသား မိသားစု ၃ ဦးကို ဆင်ပေါ်တင်ကာ တောထဲခေါ်လည်မလို့ ပြင်နေစဉ် ဆင်က မုန်ယိုလာတာလို့ ဆင်စခန်းတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဆင်က မုန်ယိုပြီး ကျောပေါ်က လူတွေကို ခါချနေကြောင်း၊ ဆင်ထိန်း နိုင်းဆူရချိုင်းက ချော့သပ်ပေမယ့် ဆင်က စိတ်ဆိုးပြီး သူ့ကိုအစွယ်နဲ့ ထိုးသတ်သလို ခြေထောက်နဲ့ နင်းခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက မုန်ယိုနေတဲ့ဆင်ကို မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းဖို့ ကြိုးစားနေတုန်း ဆင်ဟာ တောထဲကို ထွက်ပြေးသွားကြောင်း၊ ဆင်ရဲ့ကျောပေါ် ပါသွားတဲ့အတွက် တရုတ်နိုင်ငံသား မိသားတစုကို ကယ်တင်နိုင်ဖို့ အပူတပြင်း ရှာဖွေနေတယ်လို့ မယ်ဝမ်း စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
ထွက်ပြေးသွားတဲ့ ဆင်ဟာ ဖလိုင်းဆုမ်ကျိုင်လို့အမည်ရှိပြီး အသက် ၂၅ နှစ်ရွယ် ဆင်ထီးတကောင်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မယ်ဝမ်းဆင်စခန်းဟာ ချင်းမိုင်မြို့ရဲ့ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာ အကွာမှာရှိပြီး မယ်ဝမ်းချောင်းတလျှောက် ဖောင်စီးရင်း တောတောင်အလှတွေကြည့်နိုင်သလို ဆင်စီးပြီး တော လည်ကြည့်ရှုနိုင်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ နှစ်ခြိုက်တဲ့ နေရာတခုလည်း ဖြစ်ပါ တယ်။