A d v e r t i s e m e n t With Us

ဂွါတီမာလာ ဒု-သမ္မတကို ငွေကြေးအလွဲသုံးစားမှုဖြင့် ရုံးတင်

ဂွါတီမာလာ ဒု-သမ္မတဟောင်း ရိုဇနာ ဘောဒယ်တီ။ (ဓာတ်ပုံ - ရိုက်တာ)
ပြီးခဲ့တဲ့မေလမှာ ရာထူးက နုတ်ထွက်ခဲ့တဲ့ ဂွါတီမာလာနိုင်ငံရဲ့ ဒုတိယသမ္မတကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ငွေကြေးအလွဲသုံးစားမှု စွဲချက်နဲ့ သြဂုတ် ၂၄ ရက်နေ့က ရုံးတင်ခဲ့ပါတယ်။ ဒုတိယသမ္မတဟောင်း ရိုဇနာ ဘောဒယ်တီ (Roxana Baldetti) ဟာ အကောက်ခွန်ရှောင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ လာဘ်ငွေရယူမှုနဲ့ အစိုးရရှေ့နေတွေက စွပ်စွဲ ရုံးတင်တာပါ။ သူ့ကို ပြီးခဲ့တဲ့တပတ် သြဂုတ် ၂၁ ရက်နေ့က ထိန်းသိမ်းခဲ့ပြီး သူကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။ လက်ရှိ ဂွါတီမာလာသမ္မတ အော့တို ပီရတ်ဇ် (Otto Perez) ကတော့ သူ့အစိုးရထဲက ထိပ်တန်းခေါင်းဆောင်တဦး အခုလို အဂတိလိုက်စားမှု ပေါ်ပေါက်ခဲ့တဲ့အတွက် တောင်းပန်ပေမယ့် သူ့ကို ဒုတိယသမ္မတ အဖြစ်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုကိုတော့ လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ သမ္မတ ပီရတ်ဇ်က ဒီလာဘ်စားမှုနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို သြဂုတ် ၂၃ ရက်နေ့က  တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ငြင်းဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင် ၈ ဦး နုတ်ထွက်ခဲ့ရပြီး အယောက် ၃၀ လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ဒု-သမ္မတ ဘောဒယ်တီဟာ စီးပွားရေးလုပ်ငန်းရှင်တွေ သူ့ကို လာဘ်ထိုးဖို့ သီးသန့် တယ်လီဖုန်းလိုင်းတလိုင်း ထားရှိခဲ့ပြီး အဂတိလိုက်စားမှုနဲ့ ဂွါတီမာလာနိုင်ငံမှာ နာမည်ထွက်ခဲ့တာပါ။ စက်တင်ဘာလဆန်းပိုင်းမှာ ဂွါတီမာလာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပေမယ့် လက်ရှိသမ္မတ ပီရတ်ဇ်ကတော့ နောက်သက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ရွေးကောက်ပွဲဥပဒေက ပိတ်ပင်ထားပါတယ်။ သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ ဂွါတီမာလာ ပြည်သူတွေက တောင်းဆိုထားကြပြီး သမ္မတ တဦးကို အမှုဖွင့် အရေးယူနိုင်ရေးကိုလည်း ဂွါတီမာလာ ဥပဒေကျွမ်းကျင်သူတွေက ကြိုးစားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up