နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲတွေကို မန္တလေးနဲ့ ရန်ကုန်အပါအဝင် မြို့တချို့မှာ မနေ့က တပြိုင်တည်းပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ သမ္မတဆီကို စာရေးတောင်းဆိုခဲ့ကြတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဇွန် ၁၆ ရက်နေ့ ၈ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ထဲက အနည်းဆုံး ၃ နေရာမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ရာချီ စုဝေးကြပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ စာကို စုပေါင်းလက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲက သုံးခွမြို့နယ် ရှစ်မျက်နှာဘုရားမှာလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ အကြောင်းကိုတော့ သုံးခွအဖွဲ့ချုပ်ဝင် ကိုယဉ်အေးက အခုလိုပြောပါတယ်။
“ရန်ကုန်တိုင်း သုံးခွမြို့နယ် ရှစ်မျက်နှာ ဘုရားထဲက အင်္ဂါထောင့်မှာ လွတ်မြောက်နိုင်ဖို့အတွက်ကို ကျနော်တို့ ဆုတောင်းပြီးတော့ လက်မှတ်ရေးထိုးပြီး ဗိုလ်ချုပ်သိန်းစိန် သမ္မတဆီကို မနက်ဖြန် ဖက်စ်နဲ့ ကျနော်တို့ ပို့မယ်။ အားလုံးပဲ ညီညီညွတ်ညွတ်နဲ့ လက်မှတ်ထိုးကြတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ နှောင့်ယှက်တာ မရှိဘူး။ နည်းနည်းပါးပါးတော့ လာစောင့်ကြည့်ကြတာတော့ ရှိတယ်။ ကျန်တဲ့ အခက်အခဲတော့ မရှိဘူး။”
အလားတူ မန္တလေးမှာလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို အချိန်ကိုက်ပြုလုပ်ခဲ့ကြပါတယ်။
“ယုံကြည်ချက်ကြောင့် ကျနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ တနှစ်ပဲ ခံစားခွင့် ရတယ်ဆိုတော့ တော်တော်မတရားလို့ ကျနော်တို့ ဆုတောင်းပွဲ လုပ်ပြီးတော့မှ သမ္မတဦးသိန်းစိန် ဆီမှာ ဒီကနေ့ နေ့စွဲ (ဇွန် ၁၆) နဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုက မှတ်ပုံတင်အပြည့်အစုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရာအတွက် ဦးသိန်းစိန်ကို ကျနော်တို့ စာနဲ့တကွ မှတ်ပုံတင်နဲ့ တကွ လက်မှတ်ထိုးပြီးတော့မှ မေတ္တာရပ်ခံတဲ့စာ ပေးပို့မယ်။”
မန္တလေးတိုင်းအဖွဲ့ချုပ်ဝင် ဦးကိုကိုကြီးအိမ်မှာလုပ်တဲ့ အဲဒီဆုတောင်းပွဲကိုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ လာရောက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်းထဲက မိထ္ထီလာမြို့မှာလည်း လှုပ်ရှားသူတွေဟာ ဖောင်တော်ဦးဘုရားမှာ ဝတ်ပြုဆုတောင်းပြီး သမ္မတဆီ ပို့မယ့်စာမှာ စုပေါင်း လက်မှတ်ထိုးခဲ့တယ်လို့ မိထ္ထီလာအဖွဲ့ချုပ် ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးက အခုလိုပြောပြပါတယ်။
“နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာ အရင်တရားမဝင် အာဏာသိမ်း အစိုးရရဲ့ အဆိုအမိန့်ပဲ။ ဒါကို ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတကြီး အရပ်သားအစိုးရ အနေနဲ့က ဒီအမွေကို ဆက်ခံမယ်ဆိုရင် တရားမဝင်အစိုးရအဖြစ်နဲ့ ကိုယ့်ကိုယ်ကိုယ် တဆင့်လျှော့ချသလို အဓိပ္ပာယ် သက်ရောက်နေမယ်လို့ ကျမတို့က စာထဲမှာ ဆိုလိုထားတာ။ နောက်တခုက နိုင်ငံတနိုင်ငံမှာ အစိုးရသစ် ပေါ်လာတိုင်း ပေါ်လာတိုင်း အစိုးရဟောင်းများ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသားများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြတယ်ဆိုတာ သာမန်တာဝန်ပဲ။ ဒီတာဝန်ကို မကျေပွန်နိုင်ဘူးဆိုရင် အစိုးရသစ် မမည်နိုင်ဘူးလို့။ သမ္မတကြီး ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကလည်း သမ္မတကြီး ဂုဏ်သိက္ခာနဲ့ မထိုက်တန် လောက်အောင် ကျဉ်းမြောင်းနေတယ်လို့။ အဲဒါကြောင့် ကျောသားရင်သား မခွဲခြားဘဲနဲ့ အစိုးရဟောင်းက ဖမ်းဆီးထားတဲ့ အကျဉ်းသား အားလုံးကိုပေါ့၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသာလျှင် စစ်မှန်သော good government ၊ clean government ဖြစ်မြောက်နိုင်မယ်ဆိုတဲ့ အကြောင်းကို ကျမတို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အကျဉ်းကျ မိသားစုများ၊ နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်စေလိုသူ များက စုပေါင်းပြီး လက်မှတ်ရေးထိုးပြီး တင်ထားပါတယ်။”
ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတွေကို ကချင်ပြည်နယ်မိုးကောင်း၊ ရခိုင်ပြည်နယ်တို့မှာလည်းပြုလုပ်တယ်လို့ သိရပါတယ်။
မြန်မာပြည်နေရာ အနှံ့မှာ မနေ့က လုပ်တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတွေကို လုံခြုံရေးတွေက စောင့်ကြည့်တာလောက်ပဲရှိပြီး အနှောင့်အယှက် ပေးတာတော့မရှိဘူးလို့ စီစဉ်သူတွေက ပြောပါတယ်။
မိထ္ထီလာ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်မြင့်မြင့်အေးက အခုလိုပြောပါတယ်။
“အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေ အနေနဲ့ ကလည်းပဲ ဟိုထောင်မှာ ကျလိုက်ရ ဒီထောင်မှာ ကျလိုက်ရနဲ့ ပေါ့နော် အစာငတ်ခံ ဆန္ဒပြတယ်။ သူတို့ရဲ့ အကျဉ်းသားအရေးတွေ တောင်းဆိုနေရတာနဲ့ ပတ်သက်ပြီး ကျမတို့လည်း အပြင်ကနေ စိတ်မချမ်းသာဘူး။ ကျမတို့ အပြင်ကနေပြီးတော့ ကျမတို့လုပ်သင့်တာ ဒီလောက်မှ လုပ်မပေးရင်လည်း ကျမတို့ကိုယ် ကျမတို့ တာဝန်မကျေဘူးလို့ ယူဆတယ်။ ကျမတို့ မှတ်ပုံတင် နံပါတ်တို့၊ နေရပ်တို့၊ မှတ်ချက်တို့ ပြည့်ပြည့်စုံစုံနဲ့ တင်တာပါ။ ကျမတို့က နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာ တလပြည့်တဲ့ နေ့မှာ ဒါ ပထမအကြိမ် စလုပ်တယ်လို့ ပြောလို့ရပါတယ်။”
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် မြသိန်းတန် ဘုရားကြီးမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပွဲတခု မနေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာ ငြိမ်းချမ်းရေးလိုလားသူတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်တွေ ရာပေါင်းများစွာ စုစည်းပြီး၊ သမတဦးသိန်းစိန်ဆီကို ပေးပို့နေတာ၊ အပတ်စဉ်အင်္ဂါနဲ့ တနင်္ဂနွေနေ့တိုင်းမှာ ဘုရားသွားပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဆုတောင်းတာတွေ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။
မြန်မာပြည်က အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အကျဉ်းချခံ နေရပါတယ်။