Home
ဆောင်းပါး
ရွှေနိုင်ငံက ခရီးသွား အိတ်စပရက်ကား
DVB
·
August 26, 2015
မြန်မာနိုင်ငံမှာ ခရီးသွားလာရေးအတွက် လမ်းတွေက မကောင်းပေမယ့် ပုဂ္ဂလိကတွေ ထူထောင်ထားတဲ့ ခရီးသည်တင်ကားကြီးတွေက အဆင့်မြင့်ကောင်းမွန်နေပါပြီ။ အရင်က နိုင်ငံခြားရုပ်ရှင်ကားတွေထဲမှာသာမြင်ရပြီး သွားရည်ကျရတဲ့ အလွန်ခန့်ညားတဲ့ အိတ်စပရက်ဘတ်စ်ကားမြင့်မြင့် ကောင်းကောင်းကြီးတွေက နိုင်ငံအနှံ့ကို သွားရောက်နေပြီဖြစ်လို့ လူတိုင်းအတွက် အမြင်ရိုးနေပါပြီ။ unnamedလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့် (၁၉၉၅ ခု မတ်လတုန်း) က ဓနစီးပွားရေးမဂ္ဂဇင်းမှာ ‘မန္တလာ အိတ်စပရက်’ ခေါင်းစဉ်နဲ့ မျက်နှာဖုံးဆောင်းပါးတပုဒ်ကို ကျနော် ရေးဖူးတယ်။ ရန်ကုန်-မန္တလေး အိတ်စပရက်ကားကြီးတွေ စတင်ပြေးဆွဲချိန်မှာ ရေးတာပါ။ "မီးရထားတွဲကြီးတတွဲထက်ပိုကြီးတဲ့ အိတ်စပရက် ကားမြင့်မြင့် ရှည်ရှည်ကြီးတွေ မန္တလးမြို့ထဲကို တငြိမ့်ငြိမ့် တအိအိ မောင်းဝင်လာတော့ တွေ့မြင်သူတိုင်းက အထူးအဆန်းအဖြစ် မော့ကြည့်ကြတယ်။" လို့ ကျနော် ရေးဖူးပါတယ်။ အရင်ကတော့ ဘတ်စ်ကားဆိုတာ ချက်ပလက်ခေါင်းတိုအင်ဂျင်ကို မိတ်အင်ဒီတွင် သစ်သားဘော်ဒီမှာတင်ပြီး ခရီးသည်တင်ကားလုပ်ရတာ။ ‘ဂီယာ တုတ်ထောက်၊ ကတ်တောက်ကြိုးချည်၊ ဘက်ထရီရေလောင်း’ လို့ မြန်မာ့ဘတ်စ်ကားကို စာချိုးခဲ့ဖူးတယ်။ နောက်တော့ ခရီးသည်တင် ကားလုပ်ငန်းက တခေတ်စဆန်းတယ်။ အိတ်စပရက်ကားလို့ ခေါ်တဲ့ ကားကြီးကားကောင်းတွေ စသုံးတယ်။ ရန်ကုန်-မန္တလေး ပြေးတယ်။ ပုဂ္ဂလိက အိတ်စပရက်ကားတွေ အောင်မြင်အဆင်ပြေသွားတာ မြန်မာ့မီးရထားရဲ့ ကျေးဇူးလည်း အဓိကနေရာမှာ ပါတယ်။ မီးရထားက အချိန်မမှန်ဘူး။ လမ်းမှာ ခဏခဏ ပျက်တယ်။ သံလမ်းတွေက မကောင်းတော့ ရထားက ဘေးတိုက်ကော အထက်အောက်ပါ ခုန်ပေါက်နေတဲ့ သံမဏိမြင်းရိုင်းကို စီးရသလို မသက်မသာဖြစ်ရတယ်။ မီးရထားကို လူကြိုက်နည်းလာရတဲ့အထဲ ရထားတွေ ညမထွက်ရဖြစ်ကုန်တော့ မီးရထားနဲ့ ခရီးသွားသူတွေ အချိန်ကုန် လူပမ်း ဖြစ်ကုန်တယ်။ နေပြည်တော်မှာ ညအချိန် ရထားဖြတ်မောင်းရင် အိပ်ရေးပျက်တော်မူတယ်ဆိုလို့ ညမထွက်ရလုပ်တာလို့ ပြောကြတာပါပဲ။ ဒီလိုသာ အဆင်မပြေတာ စီးပွားရေးနဲ့ စီမံခန့်ခွဲရေး ရွှေဉာဏ်တော် စူးရောက်သူတွေက ရထားခကို ဈေးတင်လိုက်ပြန်တယ်။ အဲသဟာကိုတော့ လူတွေက ရထားပဲ ဆက်စီးနေသေးလို့ စီးပွားရေးဦးပိုင်ရဲ့ ရွှေမန်းသူ လူစီးအောင် လုပ်ရတာလို့ ဆိုတာပါပဲ။ ဒီလိုနဲ့ ရွှေမန်းသူက သူ့ဆက်ဆံရေးနဲ့သူ နာလန်သိပ်မထူပေမယ့် ပုဂ္ဂလိက အိတ်စပရက်ကားလုပ်ငန်းကတော့ အကြီးအကျယ် ထွန်းကားလာတော့တာပါပဲ။ နေ့နေ့ ညည လမ်းတွေပေါ်မှာ ကားတွေ ပြတ်တယ်မရှိတော့ဘဲ ခေါင်းနဲ့အမြီး ဆက်နေတယ်။ 3ကားတွေကလည်းကောင်းတယ်။ အပြိုင်အဆိုင်လုပ်တာမို့ ၀န်ဆောင်မှုတွေလည်း ကောင်းတယ်။ ဒီလိုင်းက စကင်နီယာ ကားမျိုးသုံးတယ်၊ စီးသူကြိုက်တယ်ဆိုရင် လိုင်းတိုင်းလိုလိုက စကင်နီယာ ပြောင်းတယ်။ ခုလောလောဆယ် မြန်မာနိုင်ငံမှာ ပေါ်ပြူလာ ဖြစ်နေတာက စကင်နီယာ ကားကြီးတွေပါ။ အချို့ကားလိုင်းက မြေပြင်မှာ လေယာဉ်စီးရသလို ခံစားရမယ် ဘာညာနဲ့ ဆွဲဆောင်တယ်။ လေယာဉ်မှာပါသလို ယာဉ်မယ်တွေခန့်ပြီး ခရီးသည်ကို ၀န်ဆောင်မှုတွေပေးတယ်။ လေယာဉ်တွေပေါ်မှာလိုပဲ ထိုင်ခုံတိုင်းမှာ သီးသန့် တီဗွီကိုယ်စီပါတယ်။ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကား ရွေးကြည့်လို့ရတယ်။ နားကြပ်ကိုယ်စီနဲ့မို့ ဆူညံမှုဒုက္ခလည်း ကင်းသွားတယ်။ သီချင်းနားထောင်မှာလား၊ တရားနာမလား ဖြစ်တယ်။ အဝေးပြေးကားကွင်းတွေမှာ လေဆိပ်လို Arrival ( ဆိုက်ရောက်) နေရာတွေ ဘာတွေနဲ့ ဟုတ်တုတ်တုတ် လုပ်ပေးထားတယ်။ လမ်းခရီးကြားက စားသောက်ဆိုင်တွေမှာ နားနားနေနေရပ်ပြီး အစားအသောက် ကောင်းကောင်းစားနိုင်တယ်။ တပိုတပါးသွားနိုင်တယ်။ ခြေညောင်းလက်ဆန့် လုပ်နိုင်တယ်။ ဈေးတန်းလေးလျှောက်ပြီး ဒေသထွက်လက်ဆောင် ၀ယ်နိုင်ပါတယ်။ အရင်ကလို ညဥ့်နက်သန်းခေါင် ခရီးသည်တွေကိုနှိုး၊ ကားပေါ်ကဆင်းခိုင်းပြီး ဂျာမန်တွေက ဂျူးတွေကို မောင်းသလို လမ်းလျှောက် မှတ်ပုံတင်တန်းစီပြရတာမျိုး မရှိသလောက် နည်းသွားပြီ။ ကားတွေက နိုင်ငံတကာအဆင့်မီ ကောင်းလာပါပြီ။ လမ်းတွေကတော့ နိုင်ငံတကာအဆင့်နဲ့ တော်တော်ဝေးသေးတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာ မခင်းနိုင်သေးဘူး။ ကွန်ကရစ်လမ်းပဲ ရှိသေးတယ်။ အမေရိကန်က ကူနိုးနိုး အစိုးရက မျှော်ပေမယ့် ဆင့်အ၀ှါ မျှော်တယ်ဆိုတာလိုပဲ မနီးနားသေးဘူး။ 2အမြန်လမ်းကို သေမင်းတမန်လမ်းလို့ လူတွေက အမည်ပေးထားတယ်။ ပေးလောက်အောင်ပဲ ကားတိမ်းမှောက် သေကျေတာက မကြာခဏ။ ကားမတော်တဆမှု အများစုက ယာဉ်နဲ့ လမ်းရဲ့ ချို့ယွင်းချက်ထက် ယာဉ်မောင်းကြောင့်ဖြစ်တာက ပိုများတယ်။ အိတ်စပရက် ကားလိုင်းတွေကများ၊ ကားတွေကများပေမယ့် အရည်အချင်းပြည့် ယာဉ်မောင်းက မရှိဘူး။ အိုနာရော ကျိုးကန်းပါ အကောင်းလုပ် သုံးနေကြရတယ်။ ယာဉ်မောင်းကိုယ်တော်များကလည်း ဆင်ပေါ်ကလူတွေမို့ ကားအုံနာတွေက ချော့နေရတယ်။ စည်းကမ်းတင်းကျပ်လို့ မရဘူး။ ကားမောင်းရင်း ဖုန်းပြောတယ်။ တချို့ဆို ကားမောင်းနေရင်း ဖေ့စ်ဘွတ်ခ် ပွတ်တယ်။ ကားကြီးတွေက ကောင်းတော့ မောင်မင်းကြီးသားတို့ လက်ထဲမှာ ပေါ့ရွှတ်နေလို့ ယာဉ်မောင်းကိုယ်တော်တွေက ခပ်ခပ်ပေါ့ပေါ့ သဘောထားတယ်။ ဒါကြောင့် ဖြစ်လိုက်ရင်တော့ အတုံးအရုံးပဲ။ ယာဉ်မောင်းဆရာသမားတွေက ကားဂိတ်ရောက်ချိန်မှာ အားလျားနေတော့ ပိုကာဆွဲတယ်။ မယားငယ်ထားတယ်။ နားနားနေနေ မနေဘူး။ ကားမောင်းတော့မှ အိပ်ငိုက်ရော။ လမ်းနဲ့ ယာဉ်မောင်းတွေက နိုင်ငံတကာအဆင့် မဟုတ်သေးပေမယ့် ကားကြီးတွေကတော့ အဆင့်မြင့်လာပါပြီ။ ဒီလိုပဲ တရွေ့ရွေ့နဲ့တော့ ပြောင်းလဲတိုးတက်လာနေတာပါပဲ။ ဒီကြားထဲမှာ သေဆုံးသူတွေလည်း မနည်းပါဘူး။ မကြာခင်မှာ မြန်မာ့ခရီးသွားနှစ်ဆိုတာ ထပ်လုပ်ဦးမှာဆိုတော့ နိုင်ငံခြားသား ဧည့်သည်များကို ရွှေနိုင်ငံက ကြိုဆိုနေပါတယ်။ ကျော်ရင်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024