Live
Home
မေးမြန်းခန်း
ကြီး ၅ ကြီးရဲ့ခရီးစဉ်ဟာ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ဖို့ သွားတာဖြစ်တယ် - ဗိုလ်မှူးကြီး ခွန်ဥက္ကာ
အေးနိုင်
·
August 25, 2015
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Wang Tarn Resort မှာ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ လေးရက်ကြာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းငါးဖွဲ့ကခေါင်းဆောင်တွေကို နေပြည်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့တွေ့ဆုံပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးနိုင်အောင် အပြီးသတ်ညှိနှိုင်းဖို့ တာဝန်ပေးပါတယ်။ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက ခေါင်းဆောင်ငါးဦးနဲ့အတူ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်သုံးဦးလည်း လိုက်ပါသွားမှာဖြစ်ပြီး  ခရီးစဉ်နဲ့ ပတ်သက်လို့ နှစ်ဘက် ညှိနှိုင်းနေပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြား အန်စီအေ စာချုပ်ပါ အချက်တွေ အနက် လက်မှတ်ထိုးမယ့်အရေအတွက်တခုသာ ကွဲလွဲပြီးကျန်အချက် အကုန်လုံးကို ဒီလဆန်း ၇ ရက်နေ့မှာသဘောတူခဲ့ကြတာကြောင့် ဒီအချက်ဟာလည်း အဓိက ညှိနှိုင်းရမယ့် အချက်ဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးကို တက်ရောက်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆွေးနွေးပွဲအပြီး ခန်းမမှာ လူတွေ့ မေးမြန်းထားပါတယ်။  နေပြည်တော်ကို သွားမယ့် ကိုယ်စားလှယ် ငါးဦး ဆိုတာ ဘယ်သူတွေ ပါသလဲ၊၊ ခရီးစဉ်က နေပြည်တော်ခရီးစဉ်ပါ။ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုအကြီးအကဲတွေပေါ့။ သမ္မတကြီးအပါအ၀င် ကာကွယ်ရေးဦးစီးချုပ်လို ခေါင်းဆောင်ကြီးမျိုးနဲ့ တန်းတူရည်တူ သွားရောက်တွေ့ဆုံတဲ့ပွဲပါ။ အဓိကကတော့ ပုဂ္ဂိုလ် ၅ ဦးထက်စာရင် ကျနော်တို့ ရွေးချယ်တာကတော့ the big five ပေါ့ဗျာ။ ကျနော်တို့ တိုင်းရင်းသား EAO (တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ) ထဲမှာ ကြီး ၅ ကြီးပေါ့။ အဖွဲ့အစည်းကြီး ၅ ခုရဲ့ ခေါင်းဆောင်တွေကို စုစည်းပြီးတော့ သွားမယ့်အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့အစည်းကြီး ၅ ခုကတော့ ကေအိုင်အို၊ ကေအဲန်ယူ၊ ကေအဲန်ပီပီ၊ အက်စ်အက်စ်ပီပီနဲ့ မွန်ပြည်သစ်ပါတီ အမ်အန်အက်စ်ပီဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီး ၅ ခု ခေါင်းဆောင်တွေက အတွေ့အကြုံ ရင့်ကျက်တယ်။ အမျှော်အမြင်တရား ပြည့်စုံတယ်။ ဆင်ခြင်တုံတရားရှိတယ်။ ဒါကြောင့် ဒီခေါင်းဆောင်ကြီးတွေက တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပြည်ထောင်စုအကြီးအကဲများနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့၊ လောလောဆယ်ဆယ် ရှိနေတဲ့ အန်စီအေ အပြီးသတ်အချောကိုင်ပြီးတော့ အန်စီအေအပေါ်မှာ အဆင့်တဆင့် ဖြတ်ကျော်နိုင်ဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ အကြီးအကဲများဆီမှာ သွားရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကလည်း ယုံကြည်မှုကို တိုးမြှင့်တည်ဆောက်နိုင်မယ်၊ နောက်ပြီးတော့ အပြန်အလှန်လေးစားမှု၊ ချစ်ကြည်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှုတွေလည်း ပိုရလာမယ်။ အဲဒီပေါ်မှာ ခေါင်းဆောင်ကြီးများအချင်းချင်း ယုံကြည်မှုရတဲ့အပေါ်မှာ အန်စီအေအဆင့်ကို ဖြတ်ကျော်ဖို့က အလွယ်တကူဖြစ်သွားမယ်လို့ ယုံကြည်လို့ ဒီခရီးစဉ်ကို စီစဉ်ရခြင်းဖြစ်ပါတယ်။ သူတို့တတွေကို လုပ်ပိုင်ခွင့်က ဘယ်လောက်ပေးလိုက်သလဲ၊၊  အပစ်ရပ်စဲကြမယ့် ကိစ္စကို ဘယ်လို သဘောတူလိုက်သလဲ။ အပစ်ရပ်တဲ့ကိစ္စကိုတော့ လောလောဆယ်ဆယ်အရှိအနေမှာတော့ သဘောတူထားပြီးသား ဖြစ်တယ်။ သို့သော် နောက်ထပ်အရေးဆိုစရာလေးတွေတော့ ပါတယ်။ ဒီခေါင်းဆောင်ကြီး တွေဆီမှာ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မယ့်၊ ပြည်ထောင်စု အကြီးအကဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အာသီသရှိတယ်၊ ယုံကြည်မှုတည်ဆောက်ဖို့ရှိတယ်၊ ဒီ အန်စီအေကို ဖြတ်ကျော်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲသွားမယ့်ဆုံးဖြတ်ချက်ရှိပါတယ်။ သို့သော် အဲဒီ ဆုံးဖြတ်ချက်ကို အပြီးသတ်မလုပ်ခင်မှာ အရေးဆိုစရာလေးတွေ၊ ညှိစရာလေးတွေ၊ သမ္မတကြီးဆီက မေတ္တာ၊ ဂရုဏာရှေ့ထားပြီးတော့၊ သမ္မတကြီးကနေပြီးတော့ လိုက်လျောခွင့် ပြုနိုင်တဲ့ ကိစ္စလေးတွေကို တင်ပြမေတ္တာရပ်ခံသွားဖို့လည်းရှိပါတယ်။ ဒါကြောင့် အဲဒီ အခြေအနေလေးတွေကို အကုန်လုံးချောမွေ့စွာနဲ့ ဖြတ်သန်းပြီးတဲ့နောက်မှာ ဆိုရင်တော့ ခေါင်းဆောင်ကြီးတွေ၊ နှစ်ဖက်ခေါင်းဆောင်ကြီးတွေအမြင်က တိုင်းပြည်အတွက် အကောင်းဆုံး တူညီမှုတွေ ရမယ်လို့တော့ ကျနော်တို့ မျှော်လင့်ထားပါတယ်။” လက်မှတ်မထိုးဘဲ ကျန်နေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ရော ဘယ်လို သဘောထားရှိကြသလဲ။ (မှတ်ချက်။         ။ အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့် တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိပါဘူး။) ကျန်တဲ့အဖွဲ့ဆိုတာက ကျနော်တို့ တိုင်းရင်းသားတွေဘက်က ချန်ထားတာတော့ မဟုတ်ဘူး။ အစိုးရဘက်က ချန်လို့ ကျန်ခဲ့တာပဲဖြစ်တယ်။ အစိုးရဘက်က ချန်တဲ့နေရာမှာလည်း သူတို့ရဲ့အကြောင်းပြချက်၊ သူတို့ရဲ့ သဘောထားတွေကရှိတော့ တဖက်ကို တဖက် မျက်နှာနာအောင်၊ မျက်နှာပျက်အောင် အတင်းအကျပ်တောင်းဆိုဖို့လည်း ခက်ပါတယ်။ သို့သော် ညှိနှိုင်းရမယ်ဆိုတာ ရှိတော့ အစိုးရဖက်က လက်မခံသေးတဲ့အဖွဲ့တွေကို ဘယ်လိုနည်းနဲ့ ပါလာနိုင်အောင် ညှိနှိုင်းနိုင်မလဲဆိုတဲ့ဟာက ကျနော်တို့ ထိပ်သီးခေါင်းဆောင်များရဲ့တာဝန် ဖြစ်လာပါတယ်။ ထိပ်သီးခေါင်းဆောင်များအနေနဲ့ကတော့ ဘယ်သူ့မှချန်မယ့်ခေါင်းဆောင် မရှိပါဘူး။ သို့သော် တဖက်က ကိုယ့်ရဲ့ဆွေးနွေးဖက်က လက်ခံလာနိုင်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ ဆွေးနွေးဖက်က အခက်အခဲကိုလည်း နားလည်ဖို့၊ အပြန်အလှန်ညှိဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆွေးနွေးဖက်က လက်မခံနိုင်သေးဘူးဆိုပေမယ့်လည်း အဲဒီကျန်တဲ့အဖွဲ့တွေ အတွက် ထိခိုက်နစ်နာမှုမရှိအောင်တော့ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေ ထိခိုက်နစ်နာမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များကလည်းပဲ စိတ်ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအပေါ်မှာ နိုင်ငံတော်အကြီးအကဲများကလည်းပဲ ကျန်တဲ့အဖွဲ့တွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေ၊ အခြေအနေတွေကိုလည်း ဟန့်တား တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တော့ ရှိထားပါတယ်။ အဲသလို လက်မခံနိုင်သေးတဲ့အဖွဲ့တွေကို ထိခိုက်နစ်နာမှုလည်း မရှိတော့ဘူး၊ မရှိစေဘူးလို့ လူကြီးတွေကိုယ်တိုင် အာမခံချက်တွေရလာရင်တော့ အန်စီအေဟာ ချောချောမောမော ဖြစ်သွားနိုင်တယ်လို့ယူဆပါတယ်။ အန်စီအေမှာ ပါဝင်လက်မှတ်ထိုးဖို့ အစိုးရဘက်က လက်မခံသေးတဲ့ ခြောက်ဖွဲ့အနက် ကိုးကန့်တပ်ဖွဲ့ကိုတော့ အစိုးရဘက်က တူးတူးခါးခါးကို လက်မခံတာတွေ့ရတယ်။ အစိုးရက ချန်ထားမယ်ဆိုတဲ့ ဒီခြောက်ဖွဲ့က အန်စီအေကို လက်မှတ်မထိုးရင် နိုင်ငံရေးမူဘောင်ရေးဆွဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ အခန်းကဏ္ဍက ရှိဦးမလား။ ပျောက်သွားမလား။ ဘယ်လိုရှိပါသလဲ။ သူတို့အခန်းကဏ္ဍက ပိုပြီးတော့ ရှိလာမယ်။ ဘာကြောင့်လဲဆို တချို့အဖွဲ့အစည်းတွေက လက်နက်ကိုင်စုဖွဲ့မှု ပီပီပြင်ပြင်မရှိတဲ့အခါကျတော့ နိုင်ငံရေးအရ မိမိလူမျိုး၊ မိမိအဖွဲ့ကို ကိုယ်စားပြုနိုင်ဖို့က နိုင်ငံရေးဆွေးနွေးပွဲမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တရားဝင်ကိုယ်စားပြုပြီးတော့ ပါဝင်လာနိုင်ဖို့ဆိုတာက အင်မတန်အရေးကြီးပါတယ်။ သူတို့အတွက် ဒီအခွင့်အရေးဟာ လက်လွှတ်ဆုံးရှုံးလို့ မရပါဘူး။ သူတို့လည်း နိုင်ငံရေး အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ သို့သော် စစ်ရေးအမြင်၊ စစ်ရေးကဏ္ဍ၊ စစ်မြေပြင် အခြေအနေနဲ့ကြည့်ရင်တော့ ပဋိပက္ခလုံးဝမရှိခဲ့ဖူးတဲ့အဖွဲ့တွေကတော့ စစ်ရေးကဏ္ဍဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့စာချုပ်မှာတော့၊ စစ်ရေးကဏ္ဍမှာတော့ ပါဝင်မှု ကျန်ရင်လည်း ကျန်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပတ်သက်မှု မရှိခဲ့လို့ဖြစ်တယ်။ သို့သော် နိုင်ငံရေးကိစ္စမှာတော့ ကျန်လို့မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး။ အားလုံးပါဝင်ရေးမူက နိုင်ငံရေးကိစ္စမှာ ပိုပြီးတော့ အရေးကြီးတယ်လို့ သုံးသပ်တယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မဖြစ်မနေပါဖို့ကတော့ ကျနော်တို့ရဲ့ ကြိုးပမ်းမှုဖြစ်တာပေါ့ဗျာ။ ဒါကို ဦးတည်ကြိုးပမ်း သွားမယ်လို့တော့ ကျနော် ပြောရဲပါတယ်။ တိုင်းရင်းသားထိပ်သီးအစည်းအဝေးမှာ DDR/SSR ဆိုတဲ့ အန်စီအေ လက်မှတ်ထိုး အပြီးနောက်ပိုင်း ပြုလုပ်ဆောင်ရွက်ရမယ့်အချက်တွေပေါ့နော်၊ အဲဒီကိစ္စတွေမှာ အကြေအလည်ကို ညှိနှိုင်းကြတယ်မဟုတ်လား။ ဘာကြောင့်ပါလဲ။ ဘယ်လိုအဖြေထွက်သလဲ ခင်ဗျ။  (မှတ်ချက်။ ။Disarmament, Demobilization, and Reintegration (DDR)   လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ Security Sector Reform (SSR) လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး) ကျနော်တို့ကတော့ DDR/SSR သို့တည်းမဟုတ် SSR/DDR ကိစ္စကို အန်စီအေစာချုပ်ထဲက ပြဌာန်းချက်အတိုင်းပဲ ကျနော်တို့က ကိုယ်တွယ်တယ်ခင်ဗျ။ အန်စီအေစာချုပ်ထဲမှာ ဘယ်လိုပြောထားသလဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကျင်းပခြင်းဆိုတာရှိတော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကျင်းပတဲ့နေရာမှာ သူ့ကို အာဂျင်တာ တခုအနေနဲ့ ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်။ အကောင်အထည်ဖော်မှု မရှိဘူး။ အကောင်အထည်ဖော်တာ ကတော့  နောက်ဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးပြီးလို့ရရှိတဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ SSR/DDR ကို အကောင်အထည်ဖော်သွားမယ်၊ အဲဒီအချိန်မှာမှ။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲကြာမြင့်တဲ့ ၃ နှစ်၊ ၅ နှစ် ဒီအချိန်မှာတော့ အကောင်အထည်ဖော်ဖို့ အကြောင်းမရှိဘူး။ နိုင်ငံရေးဆွေးနွေးပွဲကာလမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြုလုပ်နိုင်ဖို့ ကိုင်စွဲတဲ့လက်နက်နဲ့ ကိုယ့်နယ်မြေ၊ သတ်မှတ်ထားတဲ့နယ်မြေမှာ ထိန်းချုပ်ထားတဲ့နယ်မြေမှာ အေးအေးဆေးဆေးနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခြင်းသာ တိုင်းပြည် အတွက် အကောင်းဆုံးဖြစ်တယ်။ SSR/DDR ကို အန်စီအေထိုးပြီးတာနဲ့ အဆောတလျင်လုပ်ဖို့ လုံးဝ စာချုပ်ထဲမှာ မပါဘူး။ ကျနော်တို့က စာချုပ်ကိုပဲ အတည်ပြုတဲ့အခါကျတော့ စာချုပ်နဲ့မတူတဲ့ ပြောဆိုချက်တွေ၊ တင်ပြချက်တွေဟာ ကျနော်တို့အတွက် အကျုံးမ၀င်ဘူးပေါ့ဗျာ ကျနော်တို့ ဘက်က ကြည့်ရင် အကျုံးမ၀င်ဘူးလို့ ပြောလို့ရတာပေါ့။  နေပြည်တော်ကို ဘယ်တော့သွားနိုင်မလဲ။ နေပြည်တော်ကို သွားဖို့က တဖက်ကတော့ ဒီ ၂၈ ရက်နေ့နောက်ဆုံးထားပြီးတော့လာဖို့ ကမ်းလှမ်းတယ်။ ကျနော်တို့ဘက်က လူကြီးတွေကတော့ စက်တင်ဘာလဆန်းကျော်မှ ဖြစ်နိုင်မယ်လို့ အဲဒီနှစ်ခုကတော့ ညှိလို့ မရသေးဘူး။ ၁ ရက်၊ ၂ ရက်ကျော်မှ နေပြည်တော်ခေါင်းဆောင်ကြီးတွေ အားလပ်တဲ့အချိန်၊ နိုင်ငံခြားသွားမယ့်ခရီးစဉ်တွေ အစီအစဉ်က ဆွဲထားပြီးသားဆိုတော့ ဖျက်ဖို့လည်းခက်တယ် သူတို့ဘက်ကလည်း။ ဒါကြောင့် သူတို့ရဲ့ အစီအစဉ်တွေနဲ့ ကျနော်တို့ခေါင်းဆောင်တွေရဲ့ အစီအစဉ်ကို နှစ်ဖက်ညှိနှိုင်းပြီးတော့ ရက်သတ်မှတ်ရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် စက်တင်ဘာလဆန်းအထိတော့ အချိန်တော့ ရောက်သွားနိုင်တယ်။ ကျနော်တို့ ခန့်မှန်းတာပေါ့လေ။ သို့သော်ခုချိန်ထိတော့ ဒီက ဆုံးဖြတ်ချက်ကို ဟိုကို မပြောရသေးတော့ ကြိုပြောလို့တော့ မရဘူး။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လေးရက်ကြာ ထိပ်သီးဆွေးနွေးပွဲပြီးဆုံးခဲ့ပြီ၊ အန်ကယ်တို့ ချင်းမိုင်မှာ အလားတူထပ်ဆုံကြဖို့ အခြေအနေရှိလား၊ ဒါမှမဟုတ် နေပြည်တော်မှာပဲ ကိစ္စ၀ိစ္စအပြီးသတ်ပြီးတော့ နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်စေမယ့် အန်စီအေကို လက်မှတ်ထိုးနိုင်တော့မယ်လို့ မျှော်လင့်လား။ အဲဒါ ဘယ်သူ့ပေါ်မှာ မူတည်လဲ။ အချုပ်ပြောပြပါလား။ ဟုတ်ကဲ့၊ ချုပ်ပြီးတော့ ပြောလို့ရှိရင်တော့ အခု ထိပ်သီးကိုယ်စားလှယ်တွေ သွားတာက အဆင့်မြင့်ကိုယ်စားလှယ်က အလုပ်မပြီးလို့ အလုပ်အပြီးသတ်ဖို့ သွားတာဖြစ်တယ်။ အလုပ်အပြီးသတ်ဖို့သွားတဲ့အခါကျတော့ သူ့အနေနဲ့ ထိပ်သီးကိုယ်စားလှယ်တွေကနေ အန်စီအေအပြီးသတ်ဖို့လုပ်မှာဖြစ်တယ်။ သို့သော် လက်မှတ်ထိုးရေးဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ ဆုံးဖြတ်ထားတဲ့ အဖွဲ့အစည်းတခုချင်း၊ တခုချင်းက ညီညွတ်ဖို့လိုတယ်၊ နောက်ပြီးတော့ လက်တွေ့ထိုးတဲ့အချိန်မှာတော့ တစုတပေါင်းတည်းဖြစ်ဖို့လိုတယ်။ အဲဒီ ၂ ချက်ကို ပြန်ညှိရမယ်။ ဆုံးဖြတ်တာတော့ တဖွဲ့ချင်းဆုံးဖြတ်တယ်။ ထိုးတဲ့အချိန်ကျရင်တော့ အစုအဖွဲ့နဲ့ထိုးမယ်။ အဲဒီအစုအဖွဲ့ကိုလည်း ကျနော်တို့က ပြန်ပြီးတော့ စုစည်းရဦးမယ်ဆိုတော့ အခုသွားတဲ့ဟာ ကတော့ လက်မှတ်ထိုးဖို့သွားတာမဟုတ်ဘူး။ လက်မှတ်ထိုးနိုင်အောင် အပြီးသတ် အစီအစဉ် သွားဆွဲတာပဲဖြစ်တယ်။ ဒါကြောင့် လက်မှတ်ထိုးပွဲက သပ်သပ်တပွဲ စီစဉ်လာလိမ့်မယ်လို့ ယူဆပါတယ်။ နောက်တချက်က ဒီလက်မှတ်ထိုးပွဲနဲ့ပတ်သက်ရင် တဖွဲ့ချင်း၊ နှစ်ဖွဲ့ချင်းထိုးမှာတော့ မဟုတ်ဘူး။ တတ်နိုင်သလောက် ညီညီညွတ်ညွတ်နဲ့ စုထားတဲ့အစုအဖွဲ့အနေနဲ့ ထိုးမှာဖြစ်သလို ကျန်တဲ့အဖွဲ့ထဲကလည်း ရနိုင်သလောက်ပါအောင် ဆွဲပြီးတော့လည်း ထိုးမှာဖြစ်တယ်။ အဲဒါကြောင့် ကိုယ်လွတ်ရုန်းပြီးထိုးတာတို့ ကိုယ့်လူကိုယ်ချန်ထားပြီးထိုးတာတို့ မဟုတ်ဘဲနဲ့ ပိုပြီးတော့ အလုပ်ဖြစ်အောင်၊ ပိုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်အောင် ထိုးမယ်ဆိုရင် အစုအဖွဲ့လိုက်ထိုးဖို့အကြောင်းပဲရှိတယ်လို့ ကျနော်အဲသလို တင်ပြချင်တယ်။ တခြား ဘာများ ထူခြားပြီး စိတ်ဝင်စားဖို့ကောင်းတာ ပြောဖို့ ကျန်သေးသလဲခင်ဗျ။ ကျနော်မြင်တာကတော့ တိုင်းရင်းသားအဖွဲ့ကြီး ၅ ဖွဲ့က ခေါင်းဆောင်ကြီးတွေ သွားတဲ့ခရီးစဉ်က တကယ်တော့ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ဖို့၊ ပြည်ထောင်စုကို ချစ်မြတ်နိုးလို့ သွားတာပဲဖြစ်တယ်။ ဒီပြည်ထောင်စု ပြိုကွဲသွားမှာကြောက်လို့ ပြည်ထောင်စုအထဲမှာ အတူတူနေနိုင်တဲ့ နည်းလမ်းရှာဖို့သွားတာဖြစ်တယ်။ ဒါကြောင့်တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်ထောင်စုရဲ့ အခြေအနေအမှန်ကို သူတို့ကိုယ်တိုင် အခုလက်ရှိတည်ဆဲအစိုးရ၊ တည်ဆဲတပ်အကြီးအကဲတွေနဲ့ တွေ့ပြီးတဲ့နောက်မှာ တိုင်းပြည်ရဲ့ ရှေ့ရေးကံကြမ္မာကို ပူးတွဲပြီးတော့ တန်းတူရည်တူ ပါဝင်ပြီးတော့ ဆုံးဖြတ်သွားနိုင်တဲ့ အခွင့်အလမ်းတွေ ရလာနိုင်လိမ့်မယ်လို့တော့ ကျနော် ယုံကြည်မျှော်လင့်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024