တောင်နှင့် မြောက်ကိုးရီးယား စစ်ဆိုင်ထားခြင်း ပြန်ရုပ်သိမ်းရန် သဘောတူ

တောင်နှင့် မြောက်ကိုရီးယား တာဝန်ရှိသူများ ဆွေးနွေးစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
မြောက်ကိုရီးယား နိုင်ငံဘက်က စစ်ဆိုင်ထားတာကို ပြန်ရုပ်သိမ်းပေးမယ်လို့ သဘောတူခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံဘက်ကလည်း မြောက်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့်မှုတွေကို ရပ်ဆိုင်းပေးဖို့ သြဂုတ် ၂၄ ရက်နေ့က သဘောတူလိုက်ကြပါတယ်။ အခုလဆန်းပိုင်းက တောင်ကိုရီးယား နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး နယ်စပ်မှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ပြီးနောက်ပိုင်း နယ်စပ်ကနေ အသံချဲ့စက်ကြီးတွေနဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့်မှုတွေကို ပြန်လုပ်ခဲ့တာပါ။ အဲ့ဒီဖြစ်ရပ်အတွက် မြောက်ကိုရီးယားဘက်က စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဘက်က စစ်ပွဲအခြေအနေ ကြေညာထားမှုကို ပြန်ရုပ်သိမ်းပေးမှာဖြစ်သလို တောင်ကိုရီးယားနိုင်ငံဘက်ကလည်း သြဂုတ် ၂၄ ရက်နေ့ နေ့လယ်ကစပြီး ၀ါဒဖြန့် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြတာပါ။ ၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲဖြစ်ပွားခဲ့အပြီး ကွဲကွာသွားကြတဲ့ မိသားစုဝင်တွေကို ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ အစီအစဉ်ကိုလည်း ပြန်လုပ်ပေးဖို့ နှစ်ဘက်ဆွေးနွေးပွဲ ကိုယ်စားလှယ်တွေက သဘောတူညီခဲ့ကြပါတယ်။ တောင်ကိုရီးယား အစိုးရကိုယ်စားလှယ် အမျိုးသားလုံခြုံရေးအကြံပေး ကင်ဂွန်ဂျင်းက နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ နှစ်နိုင်ငံဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up