Home
မြန်မာသတင်း
ကိုးကန့်တပ် လက်နက်သာချရန် ကာချုပ်ပြောကြား
အေးနိုင်
·
August 25, 2015
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာမှာ MNDAA (ကိုးကန့်တပ်မတော်) ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့နဲ့ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ကို စတင်တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရကြောင်းနဲ့ လက်နက်စွန့်ရမှာဖြစ်ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံရာမှာ ဖြေကြားချက်ကို မြန်မာ့အလင်း သတင်းစာမှာဖော်ပြပါတယ်။ ဗိုလ်ချုပ်မှူးကြီးဖြေကြားချက်အရ ကိုးကန့်တပ်ဖက်ကနေ ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ TNLA တအာင်းတပ်မတော်နဲ့ AA ရခိုင်တပ်မတော်တို့ကိုတော့ ငြိမ်းချမ်းရေးလုပ်လို့ရတဲ့သဘောထားလို့ နားလည်မှတ်ယူနိုင်ပေမယ့်  အတူပူးတွဲကူညီတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ နဲ့အတူ လက်နက်စွန့်ရမှာဖြစ်ကြောင်း ပြောပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့နဲ့ သြဂုတ်လ ၂၄ ရက်နေ့တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေ အနေနဲ့လည်း နဂိုလက်ခံထားတဲ့အတိုင်း SSR/DDR ငြိမ်းချမ်းမှုဖော်ဆောင်မှု လုပ်ငန်းစဉ် အတွက် လတ်တလောအချိန်ကာလတခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန် မလိုသေးပေမယ့် နောက်ပိုင်းမှာ SSR/DDR လုပ်ငန်းစဉ်တွေအတိုင်း စည်းကမ်းနဲ့အညီ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ (မှတ်ချက်။    ။ Disarmament, Demobilization, and Reintegration (DDR) (လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး) နှင့် Security Sector Reform (SSR) (လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က ဗြိတိန်သံအမတ် အန်ဒရူးပတ်ထရစ်နဲ့ နေပြည်တော်မှာ တွေ့စဉ်တုန်းကလည်း SSR/DDR ကိစ္စကို ပြောဆိုခဲ့ပါသေးတယ်။ အဲဒီပြောကြားချက်မှာ သူက “ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားစိတ် ရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးပါကလည်း ဥပဒေနှင့် အညီသွားဖို့ ဆန္ဒရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးနောက် လက်နက်များ ဆွဲကိုင်ထား၍ မရကြောင်း၊ သို့ဖြစ်၍ NCA လက်မှတ် ရေးထိုးပြီးပါက DDR၊ SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် စနစ်ကိုသာ သွားရမည်ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ SSR/DDR ကိစ္စနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က သဘောထားသိရဖို့ အန်စီအေစာချုပ် ရေးဆွဲရာမှာပါတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးမြန်းရာမှာ စာချုပ်ပါအတိုင်း လက်ခံတယ်လို့ ပြောပါတယ်။ ခွန်ဥက္ကာက “ကျနော်တို့ကတော့ DDR/SSR သို့တည်းမဟုတ် SSR/DDR ကိတ်စကို အန်စီအေစာချုပ်ထဲက ပြဌာန်းချက်အတိုင်းပဲ ကျနော်တို့က ကိုယ်တွယ်တယ်ခင်ဗျ။ အန်စီအေ စာချုပ်ထဲမှာ ဘယ်လိုပြောထားသလဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် ကျင်းပခြင်း ဆိုတာရှိတော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကျင်းပတဲ့နေရာမှာ သူ့ကို အာဂျင်တာ တခုအနေနဲ့ ထည့်သွင်းဆွေးနွေးဖို့ရှိတယ်။ အကောင်အထည်ဖော်မှု မရှိဘူး။ အကောင်အထည်ဖော်တာ ကတော့ ကျနော်တို့နောက်ဆုံး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးပြီးလို့ရရှိတဲ့ ဆုံးဖြတ်ချက် အပေါ်မှာတော့ SSR/DDR ကို အကောင်အထည်ဖော်သွားမယ်၊ အဲဒီအချိန်မှာမှ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲကြာမြင့်တဲ့ ၃ နှစ်၊ ၅ နှစ် ဒီအချိန်မှာတော့ အကောင်အထည်ဖော်ဖို့ အကြောင်းမရှိဘူး။ နိုင်ငံရေးဆွေးနွေးပွဲ ကာလမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြုလုပ်နိုင်ဖို့ ကိုင်စွဲတဲ့ လက်နက်နဲ့ ကိုယ့်နယ်မြေ၊ သတ်မှတ်ထားတဲ့နယ်မြေမှာ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ အေးအေးဆေးဆေးနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခြင်းသာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်တယ်။ SSR/DDR ကို အန်စီအေထိုးပြီးတာနဲ့ အဆောတလျင်လုပ်ဖို့ လုံးဝ စာချုပ်ထဲမှာ မပါဘူး။ ကျနော်တို့က စာချုပ်ကိုပဲ အတည်ပြုတဲ့ အခါကျတော့ စာချုပ်နဲ့မတူတဲ့ပြောဆိုချက်တွေ၊ တင်ပြချက်တွေဟာ ကျနော်တို့အတွက် အကျုံးမ၀င်ဘူးပေါ့ဗျာ ကျနော်တို့ဘက်က ကြည့်ရင်တော့” လို့ ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ဟာ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အစည်းအဝေး နောက်ဆုံးရက်မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီ ထိပ်သီးအစည်းအဝေးက အန်စီအေ လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး ပါဝင်နိုင်ရေး အတွက် နေပြည်တော်မှာ သွားရောက်ညှိနှိုင်းဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး ၅ ဖွဲ့က ခေါင်းဆောင် ၅ ဦးကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီငါးဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့က ခေါင်းဆောင်ငါးဦးဟာ အဆင့်မြင့်ကိုယ်စားလှယ်သုံးဦးနဲ့အတူ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စက်တင်ဘာလဆန်းပိုင်းမှာ သွားရောက်ညှိနှိုင်းကြမှာဖြစ်ပါတယ်။ ဂျပန် အဆာဟိရှင်ဘွန်းသတင်းစာကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မေးမြန်းချက်မှာ ‘ဒီနှစ်အစောပိုင်းကတိုက်ပွဲတွေမှာပါဝင်တဲ့ ကိုးကန့်တပ်ဖွဲ့လို အဖွဲ့တွေကို အန်စီအေမှာ ပါဝင်ခွင့်ပေးဖို့ငြင်းဆိုနေမှုဟာ နိုင်ငံတ၀န်းမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်ရောက်ပါ့ မလား’လို့ ထည့်သွင်း မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ဗိုလ်ချုပ်မှူးကြီးက အဲဒီအဖွဲ့တွေရဲ့  ပြုမူဆောင်ရွက်ချက်ပေါ်မူတည် သက်ဆိုင်ပါတယ်လို့ ဖြေကြားပါတယ်။ “ကျနော်တို့ သူတို့ကို အသိအမှတ်ပြုဖို့ ဘာအကြောင်းမှ မရှိဘူး။ ပထမတချက်က သူတို့က ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ကို တိုက်တယ်။ ကျနော်တို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို တိုက်တယ်။ ဒါဟာ ကျနော်တို့ကို စစ်ကြေညာတာပဲ။ ကျနော်တို့ကို စမ်းသပ်တာပဲ။ ဒါကြောင့် သူတို့ဟာ ကျနော်တို့ရန်သူပဲ။ သူတို့ကိုထောက်ခံအားပေးနေတဲ့  TNLA က, SSA နဲ့ KIA အစုအဖွဲ့တွေလည်းရှိပါတယ်။ သူတို့ငြင်းပေမယ့် အထောက်အထားတွေ ကျနော်တို့ဆီမှာ ရှိတယ်။ သူတို့တိုက်ရင် ကျနော်တို့ တိုက်မှာပါ” လို့ ဖြေဆိုခဲ့ပါတယ်။ အန်စီအေ လက်မှတ်ထိုးရာမှာ တပ်မတော်က လက်မခံတာနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်းဝင်းနိုင်က ပါဝင်နိုင်အောင် ဆက်လက်ကြိုးပမ်းမယ်လို့ ပြောပါတယ်။ သူက “ဘာဖြစ်လို့ချန်ထားလဲဆိုတော့ ကျနော်ကြည့်ရတာ မင်းအောင်လှိုင်ရဲ့ ကစားပုံ ကစားနည်းပါပဲ။ ဘာဖြစ်လို့လည်းဆို ကျူးကျော်စစ်တခု၊ နောက်ပြီးတော့ အချုပ်အာဏာကို ထိခိုက်တယ် ဘာညာ၊ အဲဒါကို ကျနော်တို့က လုံးဝကို မကျေနပ်ဘူး။ ကျနော်တို့ရာဇ၀င်ကို ကြည့်ရမယ်၊ အဲဒီရာဇ၀င်က ဘာလဲဆိုတော့ ကျနော်တို့ ကိုးကန့်လူမျိုးဆိုတာ တခြား တိုင်းရင်းသားနဲ့ အတူတူပဲ။ ကျနော်တို့ရဲ့ ဖိုးဖွား နေခဲ့တဲ့ နယ်မြေတွေပဲ။ ကျနော်တို့နေခဲ့တာ နှစ် ၂၀၀ ကျော်နေပြီ။ အဲဒါ ကျနော်တို့ ကိုးကန့် MNDAA ကို လာပြီးမှ လာစွပ်စွဲတယ်။ အဲဒါ အချုပ်အာဏာကိုထိတယ်၊ ကျူးကျော်စစ်ဖြစ်တယ်၊ နောက်ပြီးမှ ကျနော်တို့က တိုက်ပြီးမှ တရုတ်ပြည် လက်ဆောင်သွားပေးမယ်၊ အဲဒါတွေ အရာရာအစစ ကျနော်တို့က လုံးဝ မကျေနပ်ဘူး”လို့ ပြောပါတယ်။ တပ်မတော်ဘက်က လက်မခံဘူးလို့ပြောနေပေမယ့် ကိုးကန့်တပ်မတော်ဘက်တော့ ဆွေးနွေး ညှိနှိုင်းဖို့ ဆက်လက်ကြိုးစားမယ်လို့ သူက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးကြမယ့် အဖွဲ့အစည်း အရေအတွက်နဲ့ ပတ်သက်လို့သာ သဘောကွဲလွဲနေတာဖြစ်ပြီး  စာချုပ်ပါ ကျန်အချက်အားလုံးကို ဒီလဆန်းပိုင်းက သဘောတူညီခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024