ဆီးရီးယား သမိုင်းဝင်အမွေအနှစ် ဘုရားကျောင်းတခုကို အိုင်အက်စ် ဖျက်ဆီး (ရုပ်သံ)

8.9K
ဆီးရီးယား ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် နယ်မြေဖြစ်တဲ့ ပါလ်မိုင်ရာ (Palmyra) မြို့ဟောင်းက ဘုရားကျောင်းတခုကို အိုင်အက်စ် အကြမ်းဖက်တွေက ဖျက်ဆီးခဲ့ကြတယ်လို့ ဆီးရီးယား အာဏာပိုင်တွေနဲ့ အခွင့်အရေး လှုပ်ရှားသူတွေက သြဂုတ် ၂၄ ရက်နေ့က ပြောပါတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ဒီ ဘာရှာမင်း (Baal Shamin) ဘုရားကျောင်းတွေကို ပြီးခဲ့တဲ့လကတည်းက ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒီ ပါလ်မိုင်ရာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်တွေဖြစ်လို့ ယူနက်စကို ထိန်းသိမ်း စောင့်ရှောက်ခံနယ်မြေ အဖြစ်လည်း သတ်မှတ်ထားတာပါ။
ရှေးဟောင်း ဂရိနဲ့ ရောမအင်ပါယာ ရှေးဟောင်းလက်ရာ ယဉ်ကျေးမှုတွေကို အကောင်းမွန်ဆုံး ထိန်းသိမ်းထားတဲ့ နယ်မြေတွေအဖြစ်လည်း ထင်ရှားပါတယ်။
ဒီနယ်မြေတွေကို အိုင်အက်စ် အကြမ်းဖက်တွေက မေလမှာ သိမ်းပိုက်ခဲ့ကြပြီးကတည်းက အခုလို ဖျက်ဆီးပစ်မှာကို ကမ္ဘာက စိုးရိမ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့တပတ်ကလည်း ဒီရှေးဟောင်းမြို့ကို နှစ်ပေါင်း ၅၀ ကျော် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ အသက် ၈၂ နှစ်အရွယ် ဆီးရီးယား ရှေးဟောင်းသုတေသန ပညာရှင်တဦး အိုင်အက်စ် အကြမ်းဖက်တွေရဲ့ တလကြာ စစ်ကြောခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေဟာ အီရတ်နိုင်ငံမှာ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို အခုလိုပဲ ဖျက်ဆီးခဲ့ကြတာပါ။
ဒီရှေးဟောင်းရုပ်တုတွေ၊ ရှေးဟောင်းလက်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဘုရားကျောင်းတွေဟာ မွတ်စလင်ဘာသာနဲ့ သွေဖည်ပြီး မိစ္ဆာဒိဋ္ဌိ အယူအဆတွေဆိုပြီး ဗုံးခွဲ ဖျက်ဆီးခဲ့ကြတာပါ။