ဆွစ်ဇာလန်တွင် လေယာဉ် ၂ စီး တိုက်မိ၊ လေယာဉ်မှူး ၁ ဦး သေဆုံး (ရုပ်သံ)

4.3K
ဆွစ်ဇာလန်နိုင်ငံ ဒစ်တင်ဂံရွာထဲမှာ အပေါ့စားလေယာဉ် ၂ စီး တိုက်မိပြီး ပျက်ကျခဲ့လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က လေယာဉ်မှူး တယောက် သေဆုံးတယ်လို့ ရဲက ပြောပါတယ်။
ဂျာမန်လေယာဉ် ၃ စီး ပျံသန်းတဲ့အဖွဲ့က လေယာဉ်ဟာ ဂရင်းနစ် စံတော်ချိန် ၉ နာရီ ၁၅ မိနစ်မှာ ပျက်ကျခဲ့တာလို့ ရဲတပ်ဖွဲ့က ကြေညာချက်ထဲမှာ ပြောပြီး လေယာဉ်မှူးတယောက်က လေထီးနဲ့ အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယလေယာဉ်ကတော့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့တာပါ။ လေယာဉ်မတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးနေဆဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒစ်တင်ဂံရွာ တောင်စောင်းမှာ လေယာဉ် ၂ စီးရဲ့ အပျက်အစီးတွေကို ရိုက်ထားတဲ့ ဓာတ်ပုံကို ရဲက ပြသခဲ့ပါတယ်။
သြဂုတ် ၂၂ ရက်နေ့က အင်္ဂလန်တောင်ပိုင်းက လေကြောင်းပြပွဲတခုနားက လူစည်ကားတဲ့ ကားလမ်းပေါ်ကို ဂျက်လေယာဉ်တစီး ကားအတော်များများအပေါ် ပျက်ကျခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။