ဘန်ကောက်ဗုံးကွဲခဲ့သည့်နေရာတွင် သေဆုံးသူများအတွက် ဆုတောင်းပွဲပြုလုပ် (ရုပ်သံ)

3K
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဘန်ကောက်မြို့ခံတွေက ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က ဧရာဝဏ်နတ်ကွန်းမှာ စုရုံးခဲ့ကြပြီး ကျန်ခဲ့တဲ့ သီတင်းပတ်က ဗုံးခွဲမှုမှာ သေဆုံးခဲ့ရသူတွေကို အရိုအသေပေးရင်း ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြပါတယ်။
အာရှခရီးသည်တွေကြား ရေပန်းစားတဲ့ ဧရာဝဏ်နတ်ကွန်းမှာ အရင်အပတ်က ဗုံးခွဲမှုကြောင့် နိုင်ငံခြားသားခရီးသည်တွေအပါအဝင် လူအယောက်၂၀ သေဆုံးခဲ့တာပါ။
ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး ဗုံးခွဲမှု သီတင်းတပတ် ကြာခဲ့ပေမယ့် ဗုံးခွဲသူကို ရှာဖွေရေးက သွေးအေးနေပြီး အဓိက သံသယရှိသူဟာ ထိုင်းနိုင်ငံထဲမှာ ဆက်ရှိသေးလားဆိုတာ သူတို့အနေနဲ့ မသေချာဘူးလို့ ထိုင်းရဲတွေက ပြောပါတယ်။
ကောင်းကောင်း အလုပ်မလုပ်တဲ့ လုံခြုံရေးကင်မရာတွေနဲ့ ပစ္စည်းကိရိယာ မလုံလောက်မှုတွေက စုံစမ်းစစ်ဆေးမှုကို နှောင့်နှေးစေတာပါ။
သြဂုတ် ၂၄ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တွေ့တဲ့ ဖောက်ခွဲရေးပစ္စည်းကလဲ မှားယွင်းတဲ့ ထိတ်လန့်စေမှုသာ ဖြစ်ပြီး သြဂုတ် ၁၇ ရက်နေ့ ဗုံးခွဲမှုနဲ့ မပတ်သက်ခဲ့ပါဘူး။
ရဲတွေမှာ ရှိတဲ့ အဓိကသက်သေက လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းသာ ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်စေပြီး ထိုင်းစီးပွားရေး ကျဆင်းအောင်လုပ်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲက ၁၄ ယောက်ဟာ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် နိုင်ငံသားတွေပါ။
ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ တရုတ်ခရီးသည်တွေကို ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်း ၂၀၀ကျော်ကို ကြီးကြပ် ကွပ်ကဲနေတဲ့ ထိုင်းနဲ့ တရုတ်ခရီးသွားလုပ်ငန်းအသင်းကတော့ တရုတ်ခရီးသည် နည်းနည်းသာ လျော့ကျသွားတယ်လို့ ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ ခရိုင် ၆ ခုက အစိုးရ အင်တာနက် စာမျက်နှာတွေကို ဖော်လာဂါအဖွဲ့လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ တူနီးရှားနိုင်ငံက မွတ်စလင်ဆိုသူတွေက ဆိုက်ဘာာနည်းနဲ့ တရားမဝင် ဖောက်ထွင်းခဲ့ကြတယ်။
ဒါပေမယ့် အစိုးရရဲ့ သတင်းအချက်အလက်တွေကိုတော့ သူတို့ ရမသွားဘူးလို့ ပြောပါတယ်။ ရဲတွေကတော့ ဆိုင်ဘာဖောက်ထွင်း နှောင့်ယှက်မှုဟာ ဗုံးတိုက်ခိုက်မှုနဲ့ ပတ်သက်တယ်ဆိုတာကို မယုံဘူးလို့ ပြောခဲ့ကြပါတယ်။