အာဆင်နယ် နှင့် လီဗာပူး ဂိုးမရှိသရေကျ (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ သြဂုတ်လ ၂၅ ရက် မနက်အစောပိုင်းက ကန်သွားတဲ့ပွဲစဉ်မှာ နှစ်ဘက်စလုံး ဂိုးမသွင်းနိုင်ပဲ သရေကျသွားပါတယ်။ အာဆင်နယ်အိမ်ကွင်းမှာ ကစားရတဲ့ ဒီပြိုင်ပွဲမှာ လီဗာပူးက ပထမပိုင်း ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး လီဗာပူးအသင်းအတွက် သေချာပေါက် ဂိုး ၂ ဂိုးလောက်ကို ချဲလ်ဆီးကနေ အသစ်ဝယ်ယူထားတဲ့ အာဆင်နယ်ဂိုးသမား ပီတာချက်က ကာကွယ်ပေးနိုင်တဲ့အတွက် ဂိုးမရရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ပြန်လည်အုပ်စုဖွဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး အဲလက်စ်ဆန်းချက် ကန်သွင်းတဲ့ဂိုးတွေကို လီဗာပူးဂိုးသမား ဆိုင်မွန် အေးအေးဆေးဆေး ဖမ်းယူကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးချိန် မိနစ် ၉၀ နဲ့ နာကျင်ချိန် ထပ်ဆောင်းအချိန်ပို ၅ မိနစ်ပြီးတဲ့အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ တမှတ်စီ ခွဲယူသွားခဲ့ကြပြီး အာဆင်နယ် ဂိုးသမား ပီတာချက်က ဒီနေ့ပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရပါတယ်။ လီဗာပူးမန်နေဂျာ  ဘရန်ဒန်ရော်ဂျားစ်က “ပထမပိုင်းမှာ ကျနော်တို့အသင်း အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ပီတာချက်ကတော့ ပွဲမှာ အကောင်းဆုံး ကစားသမားပါ။ ဒုတိယပိုင်းမှာ ကျနော်တို့ အမြဲ ရှေ့ကိုထိုးဖောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ကစားသမားတွေလည်း အရမ်းကြိုးစားခဲ့ကြတယ်လို့”  ပွဲအပြီးမှာ  ပြောပါတယ်။ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကတော့ “အခွင့်အရေးတွေရခဲ့ပြီး အဆုံးသတ်ဂိုး မသွင်းနိုင်ခဲ့ဘူး။ အိမ်ကွင်းမှာ ကစားရပြီး အနိုင်မရရင် လူတွေက အမြဲ ပြဿ   နာ ရှာတတ်ကြတယ်။ ဒါဟာ မျှော်လင့်ထားတဲ့ရလဒ်နဲ့ ပြည့်ဝတဲ့စွမ်းရည် မဟုတ်သေးဘူး။  ဒါပေမယ့် ကျနော်တို့ ဒုတိယပိုင်းမှာ ပြန်ကောင်းလာပါတယ်” လို့ ပြောပါတယ်။ လီဗာပူးအသင်းအနေနဲ့ ၃ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိ ရမှတ် ၇ မှတ်နဲ့ ပရီးမီးယားလိဂ် ဇယား တတိယနေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ကတော့ ရမှတ် ၄ မှတ်နဲ့ န၀မနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

More News
Up