A d v e r t i s e m e n t With Us

သင်္ကြန်မိုးဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦး ကွယ်လွန်

ဓာတ်ပုံ - ဦးဇင်ဝိုင်း ဖေ့ဘုတ်
ဂန္ထဝင်ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကားအပါအ၀င် အနုပညာမြောက် မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖန်တီးခဲ့တဲ့   အကယ်ဒမီဆုများရှင် ဒါရိုက်တာ မောင်တင်ဦး အသက် (၇၅)နှစ် ဟာ ဒီကနေ့ မနက် ၉ နာရီလောက်က  မန္တလေးမြို့ ကျွဲဆည်ကန်ရှိ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ 1505575_751794568299454_2838070643855509063_nမိသားစုနဲ့ နီးစပ်သူ ဦးဇော်မြင့်က “သူကရောဂါ ဖြစ်နေတာ နည်းနည်းကြာပါပြီ အသည်းခြောက်တာပေါ့။ မနက် ၉ နာရီလောက်က အိမ်မှာပဲ ဆုံးတာပါခင်ဗျ၊ အိမ်မှာပဲ အသက်ရှုတာလေး ဘာလေး ပုံမမှန်ဖြစ်လာတော့ ဆေးရုံတင်ဖို့ ကြိုးစားနေတုန်းမှာပဲ အသက်ရှုတာရပ်သွားပြီးတော့ ငြိမ်သွားတာ” ဒီဗွီဘီကို ပြောပါတယ်။ ဒါရိုက်တာမောင်တင်ဦးဟာ နေထွက်သောည၊ တခါကတဘဝ၊နွေရူပ၊  မမုန်းလေနဲ့ ငပလီ၊ ဒဏ္ဍာရီ၊ မမစိမ်း၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးခဲ့သူဖြစ်ပြီး   သင်္ကြန်မိုး ရုပ်ရှင်ကားဟာ  ဂန္ထဝင် အနုပညာမြောက်လက်ရာတခုအဖြစ် မြန်မာ့ရုပ်ရှင်လောကမှာ အသိမှတ်ပြုခံ ထားရပါတယ်။ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ၀ါရင့် ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းက “သင်္ကြန်မိုးဆိုတာ ပြည်သူတွေကြားထဲမှာ ဒီနေ့အထိကို စွဲထင်ကျန်ခဲ့တဲ့ နောက်လဲရှိနေဦးမယ့် အရာတခုပါပဲ။ သင်္ကြန်မိုးရယ်ဆိုတာထက် ကျနော်က သူ့နားမှာ နှစ်ပေါင်းများစွာ တပည့်တယောက်အနေနဲ့ နေခဲ့ရတဲ့အခါကျတော့ ဆရာ့ရဲ့စိတ်တခုပါပဲ အဲဒါကတော့ သူက အနုပညာတခုကို ဖန်တီးတဲ့နေရာမှာ သူ့မှာ ရှိသမျှ စိတ်ရောကိုယ်ရော သူ့မှာ ရှိသမျှစွမ်းအင်တွေ အကုန်လုံးသုံးပြီး ဖန်တီးတတ်တဲ့ဆရာပါ။ ဒါကတော့ ကျနော် သူနဲ့ ပတ်သက်လို့ ပြောချင်တဲ့စကားပါ။” ဒါရိုက်တာမောင်တင်ဦးဟာ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးဇော်ဝမ်းရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့  သမီး ၃ ဦးကျန်ရစ်ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့  သြဂုတ်လ ၂၇ ရက် ညနေ ၃ နာရီမှာ တောင်အင်းမြောက်အင်းသုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up