မြောက်ကိုရီးယားက မတောင်းပန်မချင်း ၀ါဒဖြန့်ချိရေး ဆက်လုပ်မည်ဟု တောင်ကိုရီးယား ပြော

ဓာတ်ပုံ - ရိုက်တာ
5.2K
တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၂ ဦး နယ်စပ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ကိစ္စကို မြောက်ကိုရီးယားက မတောင်းပန်မချင်း နယ်စပ်ကနေ ၀ါဒဖြန့်ချိရေးတွေ ဆက်လုပ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။
သမ္မတ ပတ်ဂွန်ဟေး (Park Geun-hye) က သြဂုတ် ၂၄ ရက်နေ့က ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
တချိန်တည်းမှာ နယ်စပ်မှာလုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်မြင့် ဆွေးနွေးပွဲလည်း ဆက်လုပ်နေပြီး မြောက်ကိုရီးယားနိုင်ငံက တိုက်ခိုက်ရေးတပ်ဖွဲ့တွေ နယ်စပ်ကို ပြောင်းရွှေ့နေရာချနေပါတယ်။
နယ်စပ်မှာ မိုင်းထောင်တဲ့ကိစ္စကိုရော၊ တောင်ကိုရီးယားနိုင်ငံထဲကို လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်ခဲ့တဲ့ ကိစ္စကိုရော မြောက်ကိုရီးယားက ငြင်းဆန်ထားပါတယ်။
နယ်စပ်မှာတော့ သြဂုတ် ၂၀ ရက်နေ့က အပြန်အလှန် ပစ်ခတ်ခဲ့ပြီးကတည်းက တပ်လှန့်ထားတာပါ။
"တဘက်နဲ့တဘက် ရန်စတာတွေ၊ တင်းမာမှုတွေ ပြန်ဖြေလျှော့ဖို့ မြောက်ကိုရီးယားက အတိအလင်း တောင်းပန်ဖို့လိုပါတယ်။ အဲ့လိုမှ မဟုတ်ရင် တောင်ကိုရီးယားအစိုးရ အနေနဲ့ လုပ်ဆောင်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အသံချဲ့စက်တွေနဲ့ ထုတ်လွှင့်မှုတွေလည်း ဆက်လုပ်မယ်" လို့ သမ္မတက ပြောဆိုသွားပါတယ်။
ဒီနယ်စပ်က မြောက်ကိုရီးယားဆန့်ကျင်ရေး အသံလွှင့်မှုကို ၁၁ နှစ်ကြာ ရပ်နားထားခဲ့ပြီးမှ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ မြေမြှုပ်မိုင်းနင်းမိပြီး နောက်ပိုင်း ပြန်လည်ထုတ်လွှင့်ခဲ့တာပါ။
တောင်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ်စစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်နဲ့ စစ်ပြေငြိမ်းထားတာမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ပဲ ချုပ်ဆိုထားကြတာ ဖြစ်ပါတယ်။