အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာယူ ၁၉ ပွဲဦးထွက် စင်ကာပူကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ သြဂုတ်လ ၂၃ ရက်ညနေကကျင်းပတဲ့ အာဆီယံယူ ၁၉ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၁၉ အသင်းက စင်ကာပူ ယူ၁၉ အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ပွဲဦးထွက် အနိုင်ရသွားပါတယ်။ မြန်မာလူငယ်အသင်းဟာ အုပ်စု (ဘီ)ပထမဆုံးအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူလူငယ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ခြေအသာနဲ့  ထိုးဖောက်ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရရှိခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်ကျမှ လူစားဝင်လာတဲ့ ကောင်းချစ်နိုင်ရဲ့ တစ်လုံးထဲသော ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ စင်ကာပူကိုပွဲဦးထွက်အနိုင်ရသွားပေမယ့်  မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက တော့သူ့အသင်းရဲ့ လက်ရှိ ခြေစွမ်းကို အားမရသေးဘူးလို့ ပွဲအပြီးမှာပြောပါတယ်။ "ဒီအသင်းမှာ အခုမှ နိုင်ငံတကာပွဲ ကစားဖူးတဲ့ ကစားသမားတွေ အများကြီး ပါပါတယ်။ ဒါကြောင့်မို့ အသင်းရဲ့ လက်ရှိ ခြေစွမ်းကိုတော့ အားမရသေးပါဘူး။ ကံကောင်းတာက အဖွင့်ပွဲမှာ ကျနော်တို့ လိုပဲ အားနည်းတဲ့ စင်ကာပူ အသင်းနဲ့ တွေ့ခဲ့ရတာပါ။ ခုခြေစွမ်း နဲ့တော့ ကျနော်တို့ မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်သေါးဘူး။ ကျနော်တို့ ဒီထက်ပို တိုးတက်ဖို့ လိုပါသေးတယ်။" မြန်မာ အသင်းဟာ အုပ်စု (ဘီ)မှာ စင်ကာပူ၊ မလေးရှား၊ အရှေ့တီမော ဗီယက်နမ် အသင်းတွေနဲ့ တအုပ်စုထဲ ကျနေတာဖြစ်ပြီး လာမယ့် သြဂုတ် ၂၇ ရက် အရှေ့တီမော အသင်းနဲ့ အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရဖို့ရှိပါတယ်။

More News
Up