ဗြိတိန် ဂျက်တိုက်လေယာဉ်ပျက်ကျခဲ့မှု သေဆုံးသူဦးရေ တိုးလာ

671
ဗြိတိန်နိုင်ငံတောင်ပိုင်းက လေကြောင်းပြပွဲတခုမှာ သြဂုတ်လ ၂၂ ရက်နေ့က ဂျက်တိုက်လေယာဉ်တစီး ပျက်ကျခဲ့မှုမှာ သေဆုံးသူ ၁၁ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်ချေရှိတယ်လို့ အနောက်ဆပ်စ်ဆက်စ် Sussex ခရိုင်ရဲဌာနက သြဂုတ်လ ၂၃ ရက်နေ့က ပြောပါတယ်။
အစကတော့ အာဏာပိုင်တွေက သေဆုံးသူ ၇ ဦးလို့ထုတ်ပြန်ကြေညာခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ဒေသခံဘောလုံးအသင်းတသင်းဖြစ်တဲ့ Worthing United FC ကဘောလုံးသမား ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။
လေယာဉ်မှူးကို ဒဏ်ရာနဲ့ လေယာဉ်ပျက်ထဲက ဆွဲထုတ်ခဲ့ရပေမယ့် သူ့ရဲ့အခြေအနေက စိုးရိမ်နေရဆဲလို့ ဆေးရုံကပြောဆိုပါတယ်။ လေယာဉ်ဟာ ၁၉၅၀ နှစ်တွေက ဗြိတိန်နိုင်ငံထုတ် Hawker Hunter ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး အဝေးပြေးလမ်းမ A 27 ပေါ် ထိုးဆင်းပျက်ကျသွားခဲ့တာပါ။
သြဂုတ်လ ၂၃ ရက်နေ့ကတော့ လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးမှုတွေ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာလည်း ဆက်လုပ်မယ်လို့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ဆိုပါတယ်။
အဝေးပြေးလမ်းမပေါ်သွားလာနေတဲ့ကားတွေကိုပါ တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ သေဆုံးအလောင်းတွေကို ရှာဖွေရင်း ထပ်ပြီးတွေ့နိုင်သေးတယ်လို့လည်း Sussex ခရိုင်ရဲမှူးကပြောဆိုပါတယ်။