မြောက်ကိုရီးယား လူငယ် ၁ သန်းခန့် စစ်ထဲဝင်ရန် စာရင်းပေး (ရုပ်သံ)

16.3K
တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး မြောက်ကိုရီးယား လူငယ်အများအပြား စစ်ထဲဝင်ဖို့ စာရင်းပေးနေကြတာကို သြဂုတ် ၂၃ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံမှာ ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သြဂုတ် ၂၀ ရက်နေ့က ဗဟိုစစ်ကော်မရှင် အရေးပေါ်အစည်းအဝေး လုပ်ခဲ့တာကို ကြားခဲ့ကြပြီး အခုလို မြောက်ကိုရီးယားလူငယ် ၁ သန်းလောက် ပြည်သူ့တပ်မတော်ထဲ ၀င်ရောက်ဖို့ လာရောက်စာရင်းပေးသွင်းကြတယ်လို့ ကေအာရ်တီ ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာပါ။
ဒီနယ်စပ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သြဂုတ် ၂၀ ရက်နေ့က ခေါင်းဆောင် ကင်ဂျုံအန်း နယ်စပ်ရှေ့တန်းတွေမှာ စစ်ပွဲအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားလူငယ်တွေက တောင်ကိုရီးယားနိုင်ငံကို လက်စားချေ တိုက်ခိုက်မယ်ဆိုတာကို ပြောဆိုတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း အရန်တပ်ဖွဲ့ဝင် အများအပြား တောင်ကိုရီးယား တပ်မတော်ထဲ ၀င်ရောက်ဖို့ ဆန္ဒရှိကြတယ်လို့ တောင်ကိုရီးယား အင်တာနက် လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။
သြဂုတ် ၂၃ ရက်နေ့မှာ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေ နယ်စပ်ပဋိပက္ခ ဖြေရှင်းရေး ဒုတိယနေ့အဖြစ် နယ်စပ်မှာ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
နယ်စပ်ပစ်ခတ်မှုအတွင်း မြောက်ကိုရီးယားက လက်နက်ကြီး ၄ လုံး အရင်ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကလည်း လက်နက်ကြီး ၂၉ လုံး အတွဲလိုက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။