A d v e r t i s e m e n t With Us

ပြည်တွင်းစစ်၏ အကျိုးဆက်သည် အစိုးရတွင်သာ တာဝန်ရှိ

နောက်ဖြစ်ထွန်း​လာမယ့်​ ပြည်တွင်း​စစ်ရဲ့​အကျိုး​ဆက်ဟာ မြန်မာအစိုး​ရ အာဏာပိုင်​တွေမှာသာ တာဝန်ရှိတယ်လို့​ တိုင်း​ရင်း​သား​လက်နက်ကိုင် (၆) ဖွဲ့​ စုဖွဲ့​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (UNFC) က ဒီက​နေ့​ ​ကြေညာလိုက်ပါတယ်။ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန် ကျမ်း​ကျိန်တဲ့​နေ့​မှာ နိုင်ငံကို ​ပေါ်လစီမိန့်​ခွန်း​ပြောသွား​စဉ်က အမျိုး​သား​ပြန်လည်​ပေါင်း​စည်း​ရေး​ကို ထည့်​သွင်း​ပြောဆိုခဲ့​ပေမယ့်​ ရှမ်း​ပြည်တပ်မ​တော်ကို ဒီနှစ် မတ်လ ၁၃ ရက်မှာ ထိုး​စစ်ဆင်တိုက်ခိုက်သလို ကချင်လွတ်လပ်​ရေး​တပ်မ​တော်ကို အခုလ ၉ ရက်​နေ့​မှာ ထိုး​စစ်ဆင်တိုက်ခိုက်လာတယ်လို့​ ဆိုပါတယ်။ ဒီလုပ်​ဆောင်ချက်ဟာ အစိုး​ရသစ်က ​ပေါ်လစီကို နှုတ်က ချိုချိုသာသာ ​ပြော​နေ​ပေမယ့်​ လက်​တွေ့​မှာ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​အရ မ​ဖြေရှင်း​ဘဲ စစ်​ရေး​နည်း​နဲ့​ပဲ အကြမ်း​ဖက်​ဖြေရှင်း​မယ်ဆိုတာကို လက်​တွေ့​ပြသ​နေတာပဲလို့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။ တိုင်း​ရင်း​သား​တော်လှန်​ရေး​အင်အား​စု​တွေဟာ ပြည်​ထောင်စုက​နေ ခွဲထွက်ဖို့​မဟုတ်ဘဲ ​မွေး​ရာပါ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ရ​ရေး​အတွက် လက်နက်ကိုင်တိုက်​နေရခြင်း​သာဖြစ်ပြီး​ ပင်လုံသ​ဘောတူညီချက်အတိုင်း​ ဖက်ဒရယ်ပြည်​ထောင်စုတည်​ဆောက်ဖို့​ ဖြစ်တယ်လို့​ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါ​ကြောင့်​ တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်​တွေဟာ ခုခံစစ်ကို ဆင်နွှဲရ​တော့​မှာ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ​နောင်ဖြစ်​ပေါ်လာမယ့်​ ပြည်တွင်း​စစ်ရဲ့​ အကျိုး​ဆက်​တွေဟာ အုပ်ချုပ်သူအစိုး​ရရဲ့​ တာဝန်သာဖြစ်တယ်လို့​ ​ပြောဆိုထား​ပါတယ်။ ဒီတိုက်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို ​စောင့်​ရှောက် ကူညီကြဖို့​လည်း​ တပ်​ပေါင်း​စုက နိုင်ငံတကာကို ​မေတ္တာရပ်ခံထား​ပါတယ်။ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (UNFC) မှာ အဖွဲ့​ဝင်​တွေအဖြစ် ကချင်လွတ်လပ်​ရေး​အဖွဲ့​၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကရင်နီပြည်တိုး​တက်​ရေး​ပါတီ၊​ မွန်ပြည်သစ်ပါတီနဲ့​ ချင်း​အမျိုး​သား​တပ်ဦး​တို့​ ပါဝင်ပါတယ်။ အခုတိုက်​နေတာက ကချင်လွတ်လပ်​ရေး​အဖွဲ့​နဲ့​ ရှမ်း​ပြည်တိုး​တက်​ရေး​ ပါတီတပ်​တွေကို အစိုး​ရဘက်က တိုက်​နေတာဖြစ်ပါတယ်။ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာကို ​မေး​မြန်း​ထား​ပါတယ်။ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီက​နေ ဒီ​နေ့​ကြေညာချက်မှာ အဓိကအား​ဖြင့်​ ဘာ​တွေကို ​ရေး​ထား​တာပါလဲ။ “အဓိကအား​ဖြင့်​က​တော့​ ကျ​နော်တို့​ရဲ့​ ယူအန်အက်ဖ်စီ အဖွဲ့​ဝင် ရှမ်း​နဲ့​ကချင်ကို စစ်အစိုး​ရက​နေပြီး​တော့​ လာတိုက်တဲ့​ကိစ္စ အဲဒါကို စစ်မဖြစ်ချင်လို့​ ကျ​နော်တို့​ ဘက်က အများ​ကြီး​ သည်း​ခံပြီး​တော့​ ​ပြေလည်ရာ ​ပြေလည်​ကြောင်း​ နည်း​လမ်း​ရှာတယ်။ မရဘူး​ သူတို့​က အထပ်ထပ်အခါခါကို လာပြီး​တိုက်​နေတယ်​လေ။ အဲဒါကို ကျ​နော်တို့​က ​ဖော်ပြထား​တယ်ဗျ။” အဲဒါနဲ့​ ပတ်သက်လို့​ ​ကောင်စီရဲ့​ သ​ဘောထား​က ဘာလဲခင်ဗျ။ “အဲဒါက ကျ​နော်တို့​ သ​ဘောထား​ ထုတ်လိုက်တာက​တော့​ ​နောက်ဆုံး​ အ​ခြေအ​နေ​ပေါ့​လေ။ ကျနော်တို့​က နိုင်ငံ​ရေး​ပြဿနာ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ချင်တယ်။ စိတ်ရှည်ရှည်နဲ့​ သည်း​ခံတယ်။ ဒါ​ပေမယ့်​ စစ်အစိုး​ရက​နေ ရန်ရှာလာ​တော့​လည်း​ မလွှဲမ​ရှောင်သာ ပြန်လည်ခုခံရတဲ့​ အ​ခြေအ​နေကို ​ရောက်လာပြီ။ အဲဒီ​တော့​ ​နောက်ပိုင်း​မှာ ပြည်တွင်း​စစ်​ကြောင့်​ ဖြစ်ပေါ်လာမယ့်​ အ​ခြေအ​နေဆိုး​တွေက ကျ​နော်တို့​ တာဝန်မဟုတ်ဘူး​။ အစိုးရရဲ့​တာဝန်ပဲ ဖြစ်တယ်ဆိုတဲ့​ဟာကို ကျ​နော်တို့​က ​ဖော်ပြတာဖြစ်တယ်။ ​နောက်ပြီး​တော့​မှ ကျ​နော်တို့​ရဲ့​ ရပ်တည်ချက်ကလည်း​ တကယ်ဆိုရင် ခွဲထွက်​ရေး​ မဟုတ်ဘူး​။ ကျ​နော်တို့​က အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ ဆိုလိုတာက​တော့​ ပင်လုံသ​ဘောတူညီချက်ကို ကျ​နော်တို့​က အ​ကောင်အထည်​ဖော်ချင်တဲ့​ ရည်ရွယ်ချက်ပါ။ အဲဒီ တဆက်တည်း​မှာ ကျ​နော်တို့​ နိုင်ငံတကာကို ပန်ကြား​လိုက်တာက ဒီလိုဖြစ်​ပေါ်လာတဲ့​ အ​နေအထား​မှာ စစ်​ပြေး​ဒုက္ခသည်​တွေကို အတတ်နိုင်ဆုံး​ ကူညီ​ပေး​ဖို့​ ကျ​နော်တို့​ ​ဖော်ပြထား​တယ်။“ အခု ဒီတိုက်ပွဲက ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ (SSPP) နဲ့​က​တော့​ ကြာပြီ။ တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ဆိုတဲ့​ မဟာဗျူဟာထက် စာရင် လက်တ​လော မဟာမိတ်ဖွဲ့​ထား​တဲ့​ အဖွဲ့​ဝင်​တွေကို တိုက်​နေတဲ့​အ​ပေါ်မှာ ညီညွတ်​သော တိုက်ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီက​နေ ဘာ​တွေ လုပ်​ပေး​ဖို့​ ပြင်ဆင်ထား​ပါသလဲ။ ဘာ​တွေ လုပ်​နေပါသလဲ။ “​လော​လောဆယ်အား​ဖြင့်​က​တော့​ နိုင်ငံ​ရေး​အရ ကျ​နော်တို့​က သူတို့​ကို အတတ်နိုင်ဆုံး​ ရပ်ပြီး​တော့​မှ အကာအကွယ် ​ပေး​နိုင်ဖို့​ရယ်၊​ ​နောက်ပြီး​ ကျန်တဲ့​အပိုင်း​တွေကို​တော့​ ကျ​နော်တို့​ အချင်း​ချင်း​ အစည်း​အ​ဝေး​ထိုင်ပြီး​တော့​မှ လိုအပ်တဲ့​ လှုပ်ရှား​မှု​တွေနဲ့​ အကူအညီ​ပေး​နိုင်မယ့်​ အ​နေအထား​တွေကို နည်း​လမ်း​ရှာရမယ်ဗျ။” အခု ကချင်နဲ့​ ရှမ်း​နဲ့​ ဖြစ်တဲ့​ကိစ္စ​တွေက ဒါ ပြည်တွင်း​စစ်ကြီး​ လုံး​ဝဖြစ်သွား​ပြီလို့​ အန်ကယ်တို့​ ​ကောက်ချက်ချလား​၊​ သို့​တည်း​မဟုတ် ပြန်လည်​ဖြေရှင်း​လို့​ ရ​သေး​တယ်လို့​ ​ကောက်ချက်ချလား​၊​ ဘယ်လိုများ​ သုံး​သပ်ပါသလဲ။ “အဲဒါက စစ်အစိုး​ရအ​ပေါ်မှာ မူတည်တယ်ခင်ဗျ။ ကျ​နော်တို့​က ဒီ ပြဿနာ​တွေကို နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​ အမြဲတမ်း​ တံခါး​ဖွင့်​ထား​တယ်။ အမြဲတမ်း​ကို ကြိုဆိုတယ်။ ကျ​နော်တို့​က ​အေး​အေး​ချမ်း​ချမ်း​ ​ဖြေရှင်း​စေချင်တဲ့​ ဆန္ဒ အမြဲတမ်း​ ရှိပါတယ်။” ဒုက္ခသည်​တွေက ကျ​နော်လှမ်း​မေး​ကြည့်​သ​လောက်က တ​သောင်း​လောက် တရုတ်နယ်စပ်ကို ​ရောက်​နေပြီ ​ပြောပါတယ်။ အဲဒီ​တော့​ ဒီ တ​သောင်း​လောက်ကို ဖယ်ဒရယ် ​ကောင်စီက​နေပြီး​တော့​ ကနဦး​ခြေလှမ်း​အဖြစ် နိုင်ငံတကာကို ပန်ကြား​တာအပြင် ဘာ​တွေ လုပ်ဖို့​ ရှိပါသလဲ။ “ကျ​နော်တို့​ အ​နေနဲ့​က​တော့​ အကူအညီ ​ပေး​နိုင်တဲ့​အဆင့်​ မရှိပါဘူး​။ နိုင်ငံတကာအ​နေနဲ့​ အကူအညီ​ပေး​နိုင်ဖို့​ကိုပဲ ကျ​နော်တို့​ ပန်ကြား​ပေး​ပါတယ်။” မြို့​တွင်း​တွေမှာ တိုက်ပွဲ​ဖော်ဖို့​များ​ ရှိပါသလား​။ “ဒါက​တော့​ လုပ်နိုင်တဲ့​ နည်း​ပေါင်း​စုံနဲ့​ လုပ်ရမှာ​ပေါ့​။ ဖွင့်​ပြောလို့​ ရနိုင်တာမျိုး​မှ မဟုတ်တာပဲ။” အခု အန်ကယ်တို့​ ၆ ဖွဲ့​ထဲက ကျ​နော်တို့​ သိရသ​လောက်ဆိုရင် မွန်ပြည်သစ်ပါတီဘက်မှာ​ကော ဘယ်လိုအ​ခြေအ​နေ ရှိပါသလဲ။ အစိုး​ရတပ်​တွေ က​လေ။ “ကျ​နော် စုံစမ်း​ကြည့်​ရသ​လောက်​တော့​ ထူး​ခြား​တာ​တော့​ မ​တွေ့​ရ​သေး​ဘူး​ ခင်ဗျ။”

A d v e r t i s e m e n t With Us

More News
Up