စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု မြောက်ကိုရီးယား ကြေညာ

2.1K
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်တပ်နဲ့ပြည်သူဟာ တုံ့ပြန်ရုံ လက်စားချေရုံတင် မဟုတ်ဘဲ အင်အားပြည့်စစ်ပွဲအတွက် ဆိုရင်တောင် နိုင်ငံတော်လုံခြုံရေးအတွက် အဆင်သင့်ပဲလို့ သြဂုတ် ၂၂ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား အစိုးရရုပ်သံ KRT က သတင်းကြေညာသူက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ကို ကိုးကားပြီး ခုလိုပြောခဲ့တာပါ။
မြောက်ကိုရီးယား အစိုးရမီဒီယာက သူ့စစ်တပ်ဟာ အထင်ကြီးအောင် ဖြီးဖြန်းပြောဆိုနေတာ မဟုတ်ဘဲ ရှေ့တန်းစစ်တပ်တွေက တိုက်ပွဲအတွက် အပြည့်အဝ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရှေ့တန်းနယ်မြေကို စစ်မြေပြင်အဖြစ် ကြေညာခဲ့ပြီး ရှေ့တန်းက စစ်တပ်တွေကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီမှာ အင်အားပြည့်စစ်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေဖို့ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကို အမိန့်ထုတ်ခဲ့တယ် စစ်ပွဲအကျပ်အတည်း လက်ရှိအခြေအနေက အခု မထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်နေပြီလို့ သတင်းကြေညာ သူက ပြောပါတယ်။
သြဂုတ် ၂၀ ရက်မှာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို အမြောက်နဲ့ လေးချက် ပစ်တယ်လို့ တောင်ကိုရီးယားက ပြောအပြီး တင်းမာမှုတွေမြင့်တက်ခဲ့တာပါ။ အဲဒီနောက် တောင်ကိုရီးယားက အမြောက်နဲ့ ၂၉ ချက် ပြန်ပစ်ခဲ့ပါတယ်။ နှစ်ဖက် သေဆုံးထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောပါတယ်။
တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၃ စစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။