အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားနှင့် ဘောလုံးအဖွဲ့ချုပ်ဆု မြန်မာရရှိ

၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ်ဆုကို မြန်မာနိုင်ငံက လက်ခံရရှိခဲ့ပါယတ်။
အကောင်းဆုံး လူငယ်ကစားသမားဆုကို မြန်မာယူ ၂၀ ကစားသမား အောင်သူက ရရှိခဲ့သလို အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ်ဆုကိုတော့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဆွတ်ခူးရရှိသွားတာ ဖြစ်ပါတယ်။
သြဂုတ် ၂၂ ရက် အာဆီယံ ဘောလုံးအဖွဲ့ချုပ် အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အကောင်းဆုံးဆုတွေ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဘောလုံးအဖွဲ့ချုပ် အကောင်းဆုံးဆု ၁၈ ခု ချီးမြှင့်ခဲ့ရမှာ အတော်များများကို ထိုင်းနိုင်ငံက ရရှိသွားပါတယ်။
၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဖူဆယ်ကစားသမားဆု၊ အကောင်းဆုံး ဖူဆယ် အသင်းဆု၊ အကောင်းဆုံး အမျိုးသမီး လက်ရွေးစင် အသင်းဆု၊ အကောင်းဆုံး အမျိုးသမီး နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီး ကစားသမား၊ အာဆီယံ အကောင်းဆုံး အမျိုးသား ကစားသမားဆု၊ အကောင်းဆုံး အမျိုးသား လက်ရွေးစင်အသင်းဆု၊ အကောင်းဆုံး အမျိုးသား နည်းပြဆုတွေကို ထိုင်းက ရရှိသွားပါတယ်။
အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းမှာလည်း ထိုင်း၊ မလေးရှား၊ ဗီယက်နမ် ကစားသမားတွေပဲ ရွေးချယ်ခံခဲ့ရပါတယ်။
အကောင်းဆုံး အမျိုးသားအမျိုးသမီး ကွင်းလယ် ဒိုင်လူကြီးဆု၊ လက်ထောက်ဒိုင်လူကြီးဆုတွေ ကိုတော့ မလေးရှားက ရရှိသွားပါတယ်။