တိုင်းမ်စကွဲယား တွင် အပေါ်ပိုင်းဗလာ ၀တ်ဆင်သူများကို ဖယ်ရှားမည် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးယောက်တိုင်းမ်စကွဲယားမှာ အပေါ်ပိုင်းဗလာ အမျိုးသမီးတွေ၊ ကာတွန်းနဲ့ သူရဲကောင်းပုံသဏ္ဌာန် ၀တ်ဆင်တဲ့သူတွေကို ရှင်းလင်းဖို့ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ခရီးသွားဧည့်သည်တွေနဲ့ ဓာတ်ပုံတွေ ရိုက်ယူပြီးရင် ငွေအတင်းတောင်းတယ်လို့ အာဏာပိုင်တွေက ယုံကြည်တဲ့အတွက် ရှင်းလင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “ကျနော်မကြိုက်ပါဘူး။ အဲဒီက ပတ်ဝန်းကျင်ကို ကူညီနေတယ်လို့ ကျနော်မထင်တဲ့ အတွက် တခုခုလုပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်” လို့ မြို့တော်ဝန် ဘေးလ်ဒီဘလာဒီယိုက ပြောပါတယ်။ အထူးအဖွဲ့က တွေ့ရှိတာတွေကို အောက်တိုဘာ ၁ ရက်မှာ အစီရင်ခံမှာ ဖြစ်ပါတယ်။ ဆေးရောင်စုံ ခြယ်သထားတဲ့ အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးတွေဟာ ဒီနေရာမှာ နောက်ပိုင်း ရောက်လာသလို မစ်ကီမောက်၊ မီနီမောစ်တို့လို ကာတွန်းဇာတ်ကောင်တွေနဲ့ အတူ ခရီးသွားတွေက ဓာတ်ပုံရိုက်ယူလေ့ရှိတဲ့နေရာ တခု ဖြစ်ပါတယ်။ မစ်ကီမောက်စ် ကာတွန်းရုပ်ကို ၀တ်ဆင်တဲ့ အမျိုးသားတဦးကတော့ အခုတော့ သူတို့ဟာ အတင်းအကျပ် ရန်လိုတဲ့သူတွေအဖြစ် အမည်ပေးခံရတယ်လို့ ပြောပါတယ်။ ရတဲ့ဝင်ငွေတွေ အပေါ်ကိုလည်း အခွန်ဆောင်တယ်လို့ သူက ပြောပါတယ်။ နယူးယောက်မြို့ခံတွေကတော့ ဒီလူတွေနဲ့ပတ်သက်ပြီးတစုံတရာ မှားနေတယ်လို့ မထင်တဲ့အကြောင်း ပြောပါတယ်။ ဗြိတိန်ခရီးသွားတဦးကတော့ အမှတ်ရစရာ ဇာတ်ကောင်တွေနဲ့ ဓာတ်ပုံရိုက်တာဟာ အသစ် အဆန်းလို့ ပြောပါတယ်။ ဒါပေမယ့် တချို့ခရီးသွားတွေကတော့ ပေးချင်တဲ့ ငွေကြေးထက် ပိုတောင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။ ကဇာတ်ရုံတွေ၊ ကြီးမားတဲ့ ဗွီဒီယို ကြေညာ ဆိုင်းဘုတ်တွေ ဈေးသည်တွေနဲ့ ခရီးသွားတွေနဲ့ စည်ကားနေတဲ့ တိုင်းမ်စကွဲယားကို အရင် နှစ် ၂၀ က ရှင်းလင်းခဲ့ပြီး မီဒီယာနဲ့ ဘဏ်လုပ်ငန်းတွေအတွက် ဗဟိုချက်မနေရာဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ ဒီနေရာဟာ ဒုစရိုက်မှုတွေ မူးယစ်ဆေးဝါးနဲ့ လိင်လုပ်ငန်းတွေ ကျက်စားတဲ့နေရာဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up