Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်အပြောင်းအလဲ စစ်တပ် မပါဟုဆို
DVB
·
August 22, 2015
အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ စစ်တပ်ပါဝင်ခြင်း မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။ Asahi Shimbun သတင်းဌာနနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ခုလို ငြင်းဆိုလိုက်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူက “တပ်မတော်အနေနဲ့ပါဝင်တာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာပါတီရဲ့ အတွင်းရေးကိစ္စတွေ၊ သူတို့ရဲ့ ဖြေရှင်းတဲ့သဘောပါပဲ။ တပ်မတော်က ကားတွေပါတယ်၊ ပြုတယ် ဆိုတာ မဟုတ်ပါဘူး၊ မရှိပါဘူး။ သွားစရာအကြောင်းလည်းမရှိပါဘူး။ အဲဒီမှာသံသယ ဖြစ်နေကြတာတော့ အငြိမ်းစားတပ်မတော်အရာရှိကြီးတချို့ အဲဒီမှာပါတယ်လို့၊ သူတို့ကတော့ တပ်မတော်က အငြိမ်းစားယူသွားပြီး ဖြစ်တဲ့ အတွက်ကြောင့် သူတို့သွားမယ့်လမ်းကြောင်းပေါ်မှာ သူတို့အလုပ်လုပ်ခြင်း ဖြစ်တယ်လို့ပဲ ပြောလို့ရတယ်။ တပ်မတော်နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလေး ပြောချင်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ပါတီရဲ့ အတွင်းရေးကိစ္စတွေပါပဲ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပါတီခေါင်းဆောင်ပိုင်းအပြောင်းအလဲကို စစ်တပ်က ထောက်ခံပါသလားဆိုတဲ့ မေးခွန်းကိုတော့ သူက ထောက်ခံတယ်လည်း မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။ ဒီအပြောင်းအလဲမှာ သမ္မတ ဦးသိန်းစိန်က သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာလို့ မြင်တဲ့အပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားမေးမြန်းရာမှာတော့ သူက ဘာမှတ်ချက်မှမပေးချင်ပါဘူးလို့ ပြောပါတယ်။ စစ်တပ်က အာဏာရပါတီကို ထောက်ခံဖို့ ညွှန်ကြားချက် ထုတ်လို့ မရဘဲ တဦးတယောက်ချင်းစီ ထောက်ခံမှုနဲ့ပဲ ဆိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အတွက် စစ်တပ်အနေနဲ့ ဒုသမ္မတ တယောက် လျာထားပြီးပြီးလား ဆိုတဲ့မေးခွန်းကိုတော့ သူက လျာထားတာ မရှိသေးဘဲ အမြင် လေးမြင်ရှိတဲ့ သူ ဖြစ်သင့်တယ်လို့ ပြောပါတယ်။ “တစ်အချက်ကတော့ နိုင်ငံရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်နှစ်အချက်ကတော့ အုပ်ချုပ်ရေးအမြင်လည်းရှိဖို့လိုပါတယ်။ နံပါတ်သုံးအချက်ကတော့ စီးပွားရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်လေး အချက်ကတော့ ကာကွယ်ရေးအမြင်လည်း ရှိဖို့လိုပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးရနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီးအကျိုးရှိနိုင်မယ်။ ဒီလိုလူမျိုးကိုရှာပြီးတော့မှ ရွေးချယ်မယ်လို့ ကျွန်တော်တို့စဉ်းစားထားပါတယ်။” ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်ခံမယ်လို့လည်း သူ ထပ်ပြောခဲ့ပါသေးတယ်။ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဘယ်အချိန်ကျမှ လျှော့ပေးနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ တိုင်းပြည်အခြေအနေအပေါ်မူတည်ပြီး ၅ နှစ်၊ ၁၀ နှစ် ကြာချင်လည်း ကြာသွားနိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ အာဏာရပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ သမ္မတဦးသိန်းစိန် မပါဘူးလို့ ပါတီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြောလိုက်ချိန်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်သူကလည်း အဲ့ဒီကိစ္စ စစ်တပ် မပါဘူးလို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024