တောင်နှင့်မြောက် ကိုရီးယား ထိပ်တန်းစစ်ရေးအကြံပေးများ တွေ့ဆုံမည်

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားမှာ စစ်ရေး တင်းမာနေချိန်  နှစ်ဘက်က ထိပ်တန်း စစ်ရေးအကြံပေးတွေဟာ နယ်စပ်က ပန်မုံဂျုံရွာမှာ တွေ့ဆုံကြဖို့ ရှိတယ်လို့ တောင်ကိုရီးယားဘက်က သြဂုတ် ၂၂ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ နှစ်နိုင်ငံ စစ်ခင်းမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်မယ့် မျှော်လင့်ချက်ဖြစ်လာပါတယ်။ တွေ့ဆုံပွဲကို မြောက်ကိုရီးယားက ရာဇသံပေးထားတဲ့နောက်ဆုံး အချိန်နောက်ပိုင်း နာရီဝက်အကြာမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားဘက်က အသံချဲ့စက်သုံးပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး တရားတွေ ထုတ်လွှင့်နေတာကို ရပ်ရင်ရပ်၊ မရပ်ရင် စစ်ရေးနည်းနဲ့ တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားဘက်က ရာဇသံပေးထားထားတာပါ။ တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟိုင်းရဲ့ အမျိုးသား လုံခြုံရေး အကြံပေး၊  ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးနဲ့  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ စစ်ရေးလက်ထောက် ဟောင်ပြုံဆိုးတို့ တောင်ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီမှာ တွေ့ဆုံမယ်လို့ သမ္မတ အိမ်ပြာက သတင်းထုတ်ပြန်ပါတယ်။ အစည်းအဝေးကို သြဂုတ် ၂၁ ရက်နေ့ ပြုလုပ်ဖို့ မြောက်ကိုရီးယားဘက်က အဆိုပြုခဲ့ပေမ့ယ် ၂၂ ရက်နေ့မှာ ပြုလုပ်ဖို့၊ ဟောင်ပြုံဆိုးလည်း တက်ရောက်ဖို့ တောင်ကိုရီးယားဘက်က ပြန်လည်အဆိုပြုခဲ့ပါတယ်။ သြဂုတ် ၂၀ ရက်နေ့က မြောက်ကိုရီးယားဘက်နေ တောင်ကိုရီုးယားဘက်ကို အမြောက်ဆန် ၄ လုံး ပစ်သွင်းခဲ့ပြီးနောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ စစ်ရေးတင်းမာနေတာပါ။ တောင်ကိုရီးယားဘက်ကလည်း အမြောက် ၂၉ ချက်ပြန်ပစ်ခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘဲ သတိပေးတဲ့ သဘော ပစ်ခတ်တာမျိုး ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား တို့ဟာ ၁၉၅၀ ကနေ ၅၃ ခုနှစ်အထိ စစ်ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ အပစ်ရပ်စဲရေးစာချုပ်ပဲ ချုပ်ဆိုထားတဲ့အတွက် စစ်မပြီးသေးတဲ့ သဘောဆောင်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံပိုင်  သတင်းဌာနကလည်း   ရှေ့တန်း တပ်တွေဟာ တိုက်ပွဲဝင်ဖို့ အသင့် ရှိနေသလို၊ စစ်တပ်နဲ့ ပြည်သူတွေကလည်း နှစ်နိုင်ငံ စစ်ဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အသင့် ရှိတယ်လို့ ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up