မူဆယ် ကုန်သွယ်ရေးဇုန်တွင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
DVB
·
August 22, 2015
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အေးရှားဝေါလ် တိုးဂိတ်မှာ အကောက်ခွန်မဲ့ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံး၊ အခဲ၊ အခြမ်း၊ ဖြတ်စ တွေကို ဖမ်းဆီးရမိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပိုင်ရှင်မဲ့ Mitsubishi Express(Used) Z/2010/ND-B-01/031 ခရီးသည်တင် ယာဉ်ပေါ်ကနေ အကောက်ခွန်မဲ့ ပစ္စည်းတွေကို မူဆယ်မြို့ ဌာနဆိုင်ရာ ပေါင်းစုံ (Mobile Team) လှုပ်ရှား အဖွဲ့တို့က သြဂုတ် ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဖမ်းဆီးမိတာလို့ ဆိုပါတယ်။
ကျောက်စိမ်းတုံး စုစုပေါင်းအလေးချိန် ၅၆၀ ကီလိုဂရမ် ခန့်မှန်းတန်းဖိုး ၅၆၀ သိန်းဖိုးနဲ့ ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး သိန်း ၂၀၀ ကို ဖမ်းဆီးမိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကျောက်စိမ်းတွေကို မြန်မာ့ ကျောက်မျက် ရတနာကုန်စည်ဒိုင်နဲ့ ပိုင်ရှင်မဲ့ယာဉ်ကို အကောက်ခွန် ဦးစီးဌာနကို သြဂုတ် ၁၈ ရက်နေ့က လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - MOI