A d v e r t i s e m e n t With Us

နှစ်နိုင်ငံ စစ်ရေးတင်းမာချိန် တောင်ကိုရီးယားသမ္မတ စစ်ဌာနချုပ်ကို စစ်ဆေး (ရုပ်သံ)

တောင်နဲ့ မြောက် ကိုရီးယားတို့ စစ်ရေး တင်းမာနေချိန်မှာ တောင်ကိုရီးသမ္မတ ပါ့ခ်ဂွန်ဟိုင်းဟာ ယောင်ဂင်းမြို့မှာ ရှိတဲ့ စစ်ဌာနချုပ်ကို သြဂုတ် ၂၁ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ သမ္မတနဲ့အတူ ကာကွယ်ရေး ၀န်ကြီး ဟန်ဟင်ကူး၊ အမျိုးသားလုံခြုံရေးရုံး ညွှန်ကြားရေးမှူး ကင်ကန် ဂျင်း တို့လည်း လိုက်ပါသွားပြီး ရှေ့တန်းစခန်းမှာ တပ်တွေ အသင့်ရှိနေတဲ့ အခြေအနေနဲ့ စစ်ဆေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ သမ္မတ ပါ့ခ်ဟာ သြဂုတ် ၂၀ ရက်နေ့ကလည်း အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား တပ်တွေ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက စစ်ကြေညာပြီး သူ့မြေပြင်တပ်တွေကို ပစ်မိန့်ပေးထားပါတယ်။ သမ္မတပါ့ခ်ကလည်း မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာရင် ပြတ်ပြတ်သားသား တုံ့ပြန်သွားဖို့ သူ့တပ်တွေကို ညွှန်ကြားထားပါတယ်။ မြောက်ကိုရီးယားဘက်က နောက်ထပ် ရန်စလာရင် အလျင်အမြန် လက်တုံ့ပြန်ဖို့၊ ပြီးတော့မှ ဖြစ်ပျက်ခဲ့တာတွေကို အစီရင်ခံဖို့ သမ္မတပါ့ခ်က ပြတ်ပြတ်သားသား အမိန့်ပေးထားပါတယ်။ အရင်တပတ် အကုန်မှာ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားဆန့်ကျင်ရေး အသံလွှင်နေတာတွေကို ရပ်ရင်ရပ်၊ မရပ်ရင် စစ်ရေးအရ အရေးယူမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ခဲ့ပြီးနောက် လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ အခြေအနေကို ရောက်ခဲ့တာပါ။ မြောက်ကိုရီးယားဘက်က ဒီလိုပုံစံမျိုး  စစ်ကြေညာတာ ၂၀၁၀ တုန်းက တောင်ကိုရီးယားပိုင် ကျွန်းတကျွန်းကို အမြောက်နဲ့ ပစ်တဲ့နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ ယွန်ဟပ်သတင်းက အစီရင်ခံပါတယ်။ အဲဒီအဖြစ်အပျက်တုန်းက တောင်ကိုရိးယား ရေတပ်သား ၂ ယောက်နဲ့ အရပ်သားနှစ်ယောက် သေဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားဘက်မှာ အသံချဲ့စက်သုံးပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့်တာ သြဂုတ်လ ၁၀ ရက်နေ့မှာ ပြန်လည်စတင်ခဲ့ပါတယ်။ ဒီနည်းကို နှစ်ဖက်စလုံးက အရင်တုန်းက  အသုံးပြုခဲ့ပေမယ့် ၂၀၀၄ ကတည်းက ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်၊။ ဒါပေမယ့် စစ်ကင်းမဲ့ဇုန်မှာ မြေမြှုပ်မိုင်း ၂ လုံးပေါက်ကွဲပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်ကြောင့် တောင်ကိုရီးယားဘက်က မြောက်ကိုရီးယား ဆန့်ကျင်ရေး နည်းဟောင်းကို ပြန်သုံးလာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ ဒီလိုနဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာ မြောက်ကိုရီးယားဘက်ကလည်း တောင်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့် အသံလွှင့်တာကို ပြန်စခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နှစ်နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲမှာ စစ်ရပ်ဆိုင်ရေး စာချုပ်ပဲ ချုပ်ဆိုထားပြီး ငြိမ်းချမ်းရေးစာချုပ် မချုပ်ထားတာကြောင့် သဘောတရားအရ စစ်ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up