လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရက်ထပ်တိုး
DVB
·
August 21, 2015
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေပြီး လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ရလို့ ကိုယ်တိုင်သွားရောက်စိစစ် မခံနိုင်တာကြောင့် ခုလို ရက်တိုးပေးလိုက်တာလို့ ဆိုပါတယ်။
လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မယ့်ရက်ကို ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှ ၃၁ ရက် အထိ ပြောင်းလဲပြင်ဆင်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ ဒုတိယအကြိမ်မြောက် ရက်ထပ်တိုးပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံတ၀န်း ရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် ကိုယ်စားလှယ်လောင်း စိစစ်နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ် ၂၇ ရက် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲအတွက် ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်း ပေါင်း ၆၀၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းသွင်းထားပါတယ်။