A d v e r t i s e m e n t With Us

ဘောလုံး ကျွမ်းကျင်သူများ၏ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်

လာမယ့် သြဂုတ် ၂၂-၂၃ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ၃ ပွဲမြောက် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံ ချဲလ်ဆီးအသင်းက ရုန်းကန်နေရသလို မန်စီးတီးအသင်းက တပွဲကို ၃ ဂိုးနှုန်းလောက် သွင်းပြနေပြီး မန်ယူကတော့ ၂ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ၂ ပွဲကစားပြီးတဲ့နောက် မန်စီးတီးက အမှတ်ပေးဇယားကို ဦးဆောင်နေသလို သူ့နောက်မှာ လက်စတာ၊ လီဗာပူး၊ မန်ယူ အသီးသီးရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ အဆင့် ၁၁၊ ချဲလ်ဆီးကတော့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ သြဂုတ် ၂၄ ရက် လီဗာပူးနဲ့ အာဆင်နယ်ပွဲကတော့ ဘောလုံးပရိသတ်တွေ အကြိုက်တွေ့ နိုင်မယ့် ပွဲကြီးပွဲကောင်းတပွဲလည်း ဖြစ်လာနိုင်ပါတယ်။ လာမယ့် ၃ ပွဲမြောက်ပြိုင်ပွဲတွေမှာတော့ ဘယ်သူတွေ အနိုင်ရမလဲ။ ပွဲအဖြေတွေက ဘယ်လို ထွက်လာနိုင်သလဲဆိုတာကို ဘောလုံးကျွမ်းကျင်သူတွေက အခုလို ခန့်မှန်းထားပါတယ်။ မန်ယူ- နယူးကာဆယ် မန်ယူကတော့ ပရီးမီးယားလိဂ် ၂ ပွဲကစား ၂ ပွဲနိုင်ထားပါတယ်။ နယူးကာဆယ်က ၂ ပွဲကစား ၁ ပွဲ သရေ ၁ ပွဲ ရှုံးထားပါတယ်။ မန်ယူနဲ့ နယူးကာဆယ်တို့ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ၂ သင်းစလုံးက တိုးတက်လာသလို မန်ယူက ဘောလုံးရာသီအစကောင်းနေပြီး ဒါကို ဆက်ထိန်းသိမ်းထားနိုင်မယ်လို့ ဘီဘီစီက ဘောလုံးကျွမ်းကျင်သူ လော်ရိုက သုံးသပ်ပါတယ်။  နယူးကာဆယ်ရဲ့ အစပိုင်း ခြေစွမ်းကတော့ သိပ်ဘ၀ကျလောက်စရာမရှိတဲ့အတွက် ဒီပွဲမှာ မန်ယူက နိုင်သွားမယ်လို့ သူက ခန့်မှန်းထားပါတယ်။ စကိုင်းစပေါ့က ဘောလုံး ကျွမ်းကျင်သူ ပေါလ်မာဆင်ကတော့ မန်ယူရဲ့ ခြေစွမ်းဟာ အားရစရာ မရှိသေးပေမယ့် ဒီပွဲမှာ မန်ယူက နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။ ခရစ္စတယ်ပဲလေ့စ်- အက်စ်တွန်ဗီလာ လက်ရှိ ဇယားမှာ နံပါတ် ၇ နဲ့ ၁၀ မှာ ရပ်တည်နေတဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ၂ သင်းလုံးဟာ ၂ ပွဲကစားထားပြီး ၁ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ပဲလေ့စ်က အာဆင်နယ်ကို ရှုံးထားပြီး ဗီလာကတော့ မန်ယူကို ရှုံးထားတာ ဖြစ်ပါတယ်။ ဒီ ၂ သင်း နောက်ဆုံး တွေ့ဆုံစဉ်ကတော့ ဂိုးမသွင်းနိုင်ပဲ သရေကျထားပါတယ်။ လူရွှင်တော်နဲ့ ရုပ်ရှင်မင်းသား ဂျက်ဝှိုက်ဟော၊ လော်ရိုနဲ့ ပေါလ်မာဆင်တို့ရဲ့ ဒီပွဲအပေါ် ခန့်မှန်းချက်ကတော့ အတူတူ ဖြစ်နေပါတယ်။ ပဲလေ့စ်နိုင်သွားမယ်လို့ အားလုံးက ခန့်မှန်းပါတယ်။ လက်စတာ-တော်တင်ဟမ်ဟော့စပါး ၂ ပွဲကစား ၂ ပွဲနိုင် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လက်စတာနဲ့ ၂ ပွဲကစား ၁ ပွဲသရေ ၁ ပွဲရှုံးထားတဲ့ စပါးတို့ရဲ့ ပွဲ ဖြစ်ပါတယ်။ စပါးကမန်ယူကို ရှုံးပြီး စတုတ်ကို သရေကျထားတာ ဖြစ်သလို လက်စတာကတော့ ၀က်စ်ဟမ်းနဲ့ ဆန်းဒါးလန်းကို အနိုင်ရထားတာပါ။ နောက်ဆုံးတွေ့ဆုံတဲ့ ပွဲစဉ်မှာတော့ စပါးက ၄ ဂိုး ၃ ဂိုးနဲ့ လက်စတာကို နိုင်ထားပါတယ်။ ဒီပွဲအပေါ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်ကတော့ ကွဲလွဲနေပါတယ်။ လော်ရိုကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းပေမယ့် မာဆင်ကတော့ ဂိုးသွင်းဖို့ အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို မှီခိုလွန်းတဲ့ စပါးအသင်း ရှုံးသွားမယ်လို့ ခန့်မှန်းပါတယ်။ နောဝစ်-စတုတ် နောဝစ်ကတော့ ၂ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲရှုံးထားသလို စတုတ်ကတော့ ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ စတုတ်က လီဗာပူးကိုရှုံးထားပြီး နောဝစ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးထားတာပါ။ လော်ရိုကတော့ နောဝစ်နိုင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ မာဆင်ကတော့ သရေကျမယ်လို့ ဆိုပါတယ်။ ဆန်းဒါးလန်း-ဆွမ်ဆီး ဒီ ၂ သင်း နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ၁ ဂိုးစီသရေကျထားတဲ့ အသင်း ၂ သင်း ပြန်ကစားမှာ ဖြစ်ပါတယ်။ လက်ရှိ ဆန်းဒါးလန်းကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ ဇယား နံပါတ် ၂၀ မှာ ရပ်တည်နေသလို ဆွမ်ဆီးကတော့ ၁ ပွဲနိုင် ၁ ပွဲသရေကျထားပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းကို သရေကစားထားတဲ့ ဆွမ်ဆီးရဲ့ ခြေစွမ်းကလည်း လျော့တွက်လို့ မရပါဘူး။ လော်ရိုက ဒီပွဲသရေကျမယ်လို့ မှန်းပေမယ့် မာဆင်ကတော့ ဆွမ်ဆီး အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၀က်စ်ဟမ်း-ဘုန်းမောက် တန်းတက်လာတဲ့ ဘုန်းမောက်နဲ့ ၀က်စ်ဟမ်းတို့ အရင်ကတော့ ကစားခဲ့ဖူးခြင်းမရှိသေးပါဘူး။ ၁ ပွဲနိုင် ၁ ပွဲရှုံး ၀က်စ်ဟမ်းနဲ့ တန်းတက်လာပြီး ပရီးမီးယားလိဂ်မှာတော့ ဘိုနီမောက် ၂ ပွဲလုံး ရှုံးထားပါတယ်။ အာဆင်နယ်ကိုတောင် အနိုင်ကစားထားနိုင်တဲ့ ၀က်စ်ဟမ်းရဲ့ ခြေစွမ်းကလည်း သတိထားရမယ့် အခြေအနေမှာ ရှိပါတယ်။ မာဆင်ရော၊ လော်ရိုပါ ၀က်စ်ဟမ်း အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ၀က်စ်ဘရွန်း-ချဲလ်ဆီး ရာသီအဖွင့်မှာ နိုင်ပွဲမရသေးဘဲ ၁ ပွဲရှုံး ၁ ပွဲသရေကျထားတဲ့ ချဲလ်ဆီးနဲ့ အလားတူ ၁ ပွဲသရေ ၁ ပွဲရှုံးထားတဲ့ ၀က်စ်ဘရွန်းတို့ ကစားမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်းမှာ တူညီတဲ့ အချက်ကတော့ ၂ သင်းစလုံးဟာ မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာလည်း ၀က်စ်ဘရွန်းက ချဲလ်ဆီးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ဘီဘီစီ ဘောလုံးရေးရာ ကျွမ်းကျင်သူ လော်ရိုကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းထားပေမယ့် မဖြစ်မနေ အနိုင်ကစားရမယ့် ချဲလ်ဆီးအသင်းက ဒီပွဲအနိုင်ရမယ်လို့ စကိုင်းစပေါ့စ်က မာဆင်က ခန့်မှန်းပါတယ်။ အဲဗာတန်- မန်စီးတီး ရှုံးပွဲမတွေ့သေးဘဲ ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အမှတ်ပေး ဇယား နံပါတ် ၁ နေရာက မန်စီးတီးနဲ့ ၁ ပွဲနိုင် ၁ ပွဲသရေကစားထားတဲ့ နံပါတ် ၅ နေရာက အဲဗာတန်တို့ ကစားမယ့် ပွဲစဉ်ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဒီ ၂ သင်း ၁ ဂိုးစီသရေကျထားပါတယ်။ ဒီဘောလုံးရာသီအစမှာ တာထွက်ကောင်းပြီး ခြေစွမ်းတက်နေတဲ့ မန်စီးတီးပဲ အနိုင်ရသွားမယ်လို့ လော်ရိုရော၊ မာဆင်ပါ ခန့်မှန်းပါတယ်။ ၀တ်ဖို့ဒ်- ဆောက်သမ်တန် ၂ ပွဲကစား ၂ ပွဲသရေကျထားတဲ့ တန်းတက် ၀တ်ဖို့ဒ်နဲ့ ဆောက်သမ်တန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်းလုံးဟာ အဲဗာတန်နဲ့ ကစားခဲ့ပြီး ဖြစ်ပါတယ်။ ၀က်ဖို့ဒ်က အဲဗာတန်ကို ၂ ဂိုးစီ သရေကစားထားပေမယ့် ဆောက်သမ်တန်ကတော့ အဲဗာတန်ကို ၃ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒီနှစ်မှာ တန်းတက်လာတဲ့ ၀က်ဖို့ဒ်နဲ့ ဆောက်သမ်တန်တို့ အရင်နှစ်တွေမှာတော့ ယှဉ်ပြိုင်ကစားခဲ့ခြင်း မရှိပါဘူး။ မာဆင်ကတော့ သရေကျမယ်လို့ ခန့်မှန်းပေမယ့် လော်ရိုကတော့ ဆောက်သမ်တန်ကို အနိုင်ပေးထားပါတယ်။ အာဆင်နယ်-လီဗာပူး ဒီတပတ် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ဒီ ၂ သင်း ကစားမယ့်ပွဲဟာ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ပွဲစဉ်ဆိုရင်တော့ မမှားပါဘူး။ အရင်နှစ်က ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ရှုံးကြွေးကို လီဗာပူးက ပြန်ဆပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင်တော့ လီဗာပူးက ၂ ပွဲကစား ၂ ပွဲနိုင်ပြီး အမှတ်ပေးဇယား နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ ၁ ပွဲကစား ၁ ပွဲသရေနဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။ ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်က ခရစ်တယ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပေမယ့် ၀က်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားပါတယ်။ လီဗာပူးကတော့ စတုတ်နဲ့ ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပါတယ်။ ဘုန်းမောက်နဲ့ လီဗာပူးပွဲကို သွားကြည့်ခဲ့တဲ့ လော်ရိုကတော့ ၄-၅-၁၊ ၄-၃-၃၊ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုကစားတဲ့ လီဗာပူးဟာ အလယ်တန်းနဲ့ ခံစစ်ကို အထိုင်ထားပြီး တိုက်စစ်ဆင်တဲ့အတွက် ဒီဘောလုံးရာသီမှာတော့ မာထန်ထန် ကစားတဲ့ အသင်းလို့ သုံးသပ်ပါတယ်။ ဒီကစားပုံက တိုက်စစ်ကို အားနည်းသွားစေပေမယ့် ၂ ပွဲစလုံး အနိုင်ကစားနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အာဆင်နယ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာသလို ဒီပွဲမှာ အနိုင်အရှုံးရလဒ်က ကျဉ်းမြောင်းနိုင်ပြီး သရေကျမယ်လို့ ခန့်မှန်းပါတယ်။ မာဆင်ကတော့ လီဗာပူးက ပွဲစဉ်တွေ အနိုင်ရနေပေမယ့် အကောင်းဆုံး အနေအထား မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းဖြစ်တဲ့ အတွက် အသာရဖို့များ သလို လီဗာပူးအတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။ အာဆင်နယ် အနိုင်ရမယ်လို့ သူက သုံးသပ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up