လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၈ နှစ်လောက်က ပင်လယ်ထဲကို စွန့်ပစ်ခဲ့တဲ့ စာတစောင်ပါဝင်တဲ့ ပုလင်းတလုံးကို ဂျာမနီနိုင်ငံ ကမ်းခြေတခုမှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒါဟာ တွေ့ရှိရသမျှ ပုလင်းထဲက စာတွေထဲမှာ ရှေးအကျဆုံးဖြစ်ဖွယ်ရှိပါတယ်။
အငြိမ်းစား စာတိုက်အလုပ်သမားတဦးဖြစ်တဲ့ မာရီယန်ဝင်ကလာဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဂျာမနီနိုင်ငံမြောက်ပိုင်း အမ်မရမ်ကျွန်း ခရီးထွက်တဲ့အချိန်မှာ အဲဒီစာပါပုလင်းကို တွေ့ခဲ့တာလို့ သတင်းက ဆိုပါတယ်။

“ကမ်းခြေမှာ စာပါတဲ့ ပုလင်းတလုံးကို တယောက်ယောက်က တွေ့တဲ့သဘောပါပဲ။ ဒီစာ ဘယ်ကလာသလဲ၊ ဘယ်သူရေးခဲ့တာလဲ၊ လှိုင်းတွေလေတွေထဲမှာ ဘယ်လောက်ကြာကြာ မျောနေခဲ့သလဲဆိုတာ ကျမ မသိခဲ့ဘူး” လို့ ဒေသတွင်း အမ်မရမ်သတင်းစာကို သူကဖြေလိုက်တာပါ။
ပုလင်းထဲမှာ စာရွက်အပိုင်းအစတခုနဲ့ “ပုလင်းကိုခွဲလိုက်ပါ” လို့ ရေးထားပါတယ်။
“ကျမအမျိုးသား ဟော့စ်တ်က ပုလင်းကိုမခွဲဘဲ စာကို ရအောင်ထုတ်ကြည့်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် မရတဲ့အတွက် သူပြောသလိုပဲ လုပ်လိုက်ရတယ်” လို့ သူက ပြောပါတယ်။
ပုလင်းထဲမှာ ရက်စွဲတပ်မထားတဲ့ ပို့စကတ်တခုနဲ့ “ဒါကိုပြန်ပို့မယ်ဆိုရင် ၁ ရှီလင် ပြန်ပေးမယ်” လို့ ကတိပေးထားတဲ့ စာတစောင်ကို သူတို့က တွေ့ခဲ့ပါတယ်။
အဲဒီစာမှာ အင်္ဂလိပ်၊ ဂျာမန်၊ ဒတ်ခ်ျဘာသာတွေနဲ့ ဒီပုလင်းပါ ပို့စကတ်နဲ့စာကို တွေ့တဲ့ ဘယ်သူမဆို ဘယ်မှာတွေ့တယ်၊ ဘယ်လိုတွေ့တယ်ဆိုတာ အကြောင်းပြန်ပေးရမယ်လို့ ရေးထားတာဖြစ်ပြီး ပြန်ပို့ရမယ့်လိပ်စာကတော့ ပလိုင်းမောက် အဏ္ဏ၀ါဇီဝဗေဒအသင်းလို့ ရေးထားတယ်လို့ ဆိုပါတယ်။
မာရီယန်ဝင်ကလာတို့စုံတွဲဟာ အဲဒီပို့စကတ်ကို မပျက်စီးစေရဘဲ စာအိတ်ထဲထည့်ပြီး လိပ်စာအတိုင်း ပြန်ပို့ခဲ့ပါတယ်။
ပလိုင်းမောက် အဏ္ဏ၀ါဇီဝဗေဒအသင်းက လူထုဆက်ဆံရေး ဒါရိုက်တာ ဂိုင်းဘိတ်ကာက ဒီပုလင်းတွေဟာ အသင်းက ၁၉၀၄ ကနေ ၁၉၀၆ အတွင်း မြောက်ပိုင်းပင်လယ်နက်ထဲမှာ သုတေသနလုပ်ခဲ့တဲ့ ပုလင်းတွေထဲက တခုဖြစ်တယ်လို့ ပြောပါတယ်။
ပုလင်းကို ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေနိုင်အောင် အထူးပြုလုပ်ထားတာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

“အဲဒီအချိန်တုန်းက သူတို့တွေဟာ ပင်လယ်ပြင်ထဲကငါးတွေနဲ့ လက်ရှိအခြေအနေ ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ကြတယ်” လို့ ဂိုင်းဘိတ်ကာက ပြောပါတယ်။
လက်ရှိအချိန်ထိလည်း အဏ္ဏ၀ါ ဇီဝဗေဒအသင်းဟာ သုတေသနတွေ လုပ်နေတာဖြစ်ပြီး နည်းပညာတွေ ပိုင်ဆိုင်နေပြီ ဖြစ်တဲ့အတွက် အရင်လိုနည်းလမ်းတွေ မသုံးတော့ဘူးလို့ သူကပြောပါတယ်။
ဒီပုလင်းပါစာဟာ ရှေးအကျဆုံးဖြစ်နိုင်ဖွယ်ရှိပြီး ဂီးနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ရဲ့ ပြန်ကြားချက်ကို စောင့်နေတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဂျာမနီနိုင်ငံဟာ ပုလင်းထဲပါ ရှေးအကျဆုံး စာတစောင် ရှာဖွေတွေ့ရှိမှုအတွက် မှတ်တမ်းဝင်ဖို့ ကြိုးစားခဲ့ပေမယ့် ခုချိန်ထိ မှတ်တမ်းမ၀င်သေးဘူးလို့ သတင်းက ဆိုပါတယ်။

ဒါပေမယ့် အဏ္ဏ၀ါဇီဝဗေဒအသင်း အနေနဲ့ကတော့ မာရီယန်ဝင်ကလာကို စာထဲပါ ကတိအတိုင်း ဆုငွေ ၁ ရှီလင်ကို ပေးခဲ့ပါတယ်။
“ကျနော်တို့ ရှီလင်ဒင်္ဂါးပြားတပြားကို အီးဘေးလေလံဝက်ဘ်ဆိုက်မှာ တွေ့ခဲ့ပါတယ်။ အဲဒါကို ကျေးဇူးတင်ကြောင်း စာတစောင်နဲ့အတူ သူ့ (မာရီယန်ဝင်ကလာ) ဆီ ပို့ပေးခဲ့ပါတယ်” လို့ ဂိုင်းဘိတ်ကာက ပြောပါတယ်။