A d v e r t i s e m e n t With Us

၈၈ ကရင်​မျိုးဆက်​​ကျောင်းသား အစည်းအရုံး ဥက္ကဋ္ဌကို တရားစွဲ ရုံးထုတ်

အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်က ဗိုလ်မှူးစောဆန်းအောင်တို့အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး  ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ စောမောင်ကြီးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဘားအံမြို့နယ်ရဲစခန်းက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက သူ့ကို ဖမ်းဆီးတရားစွဲဆိုတာဖြစ်ပြီး သြဂုတ် ၂၁ ရက် ဒီနေ့ တရားရုံးစတင်တာလို့ ဘားအံမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဟုတ်ပါတယ်။ ပုဒ်မ ၁၇/၁ နဲ့ပါပဲ။ စောဆန်းအောင်အဖွဲ့နဲ့ အဆက်အသွယ်ရှိလို့ပါ။ ဒီကေဘီအေ ခွဲထွက် စောဆန်းအောင်အဖွဲ့နဲ့ အဆက်အသွယ်တွေ လုပ်လို့ပါ။ ဖမ်းတာကတော့ ၈ ရက်နေ့က ဖမ်းတာဗျာ။ သူနဲ့အတူ စောအယ်စေးဆိုတဲ့ ကောင်လေးကိုလည်း ဖမ်းထားတယ်။ စောအယ်စေးက သူနဲ့အဆက်အသွယ်ရှိတယ် ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က ဖမ်းတာပါ။” ပုဒ်မ ၁၇/၁ ဟာ အာမခံမရတဲ့ အမှုမို့ ဖမ်းဆီးထားတယ်လို့လည်း အဲဒီရဲအရာရှိက ပြောပါတယ်။ ၈၈ ကရင်​မျိုးဆက်​​ကျောင်းသားအစည်းအရုံး (88 KGSO) ဥက္ကဋ္ဌ ဦး​စော​မောင်​ကြီး အပါအဝင်​ ၉ ဦးကို သြဂုတ်​ ၇ ရက်​​နေ့ညက မြို့နယ်​ရဲမှူးနဲ့အဖွဲ့က ​ဖမ်းဆီးသွားပြီး ၁၇/က၊ ခ မြို့ပြကာကွယ်​​ရေး အက်​ဥပ​ဒေအရ ဧည့်​စာရင်းမတိုင်​လို့ဆိုပြီး ဘားအံမြို့နယ်​ တရားရုံးက ဒဏ်​​ငွေ ၅၀၀၀ ​ဆောင်​ဖို့ ပြစ်​ဒဏ်​ချမှတ်​ခဲ့ပြီး ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ ဦး​စော​မောင်​ကြီးကို​တော့ ​မြို့နယ်​တရားရုံးမှာ ရမန်​ယူပြီး မတရားအသင်းဆက်​သွယ်​မှု ပုဒ်​မ ၁၇/၁ နဲ့ ဘားအံ​ထောင်​မှာ ဆက်​လက်​ဖမ်းဆီး ချုပ်​​နှောင်​ထားတာပါ။ ၈၈ ကရင်​မျိုးဆက်​​ကျောင်းသား အစည်းအရုံး ဥက္ကဋ္ဌ ဦး​စော​မောင်​ကြီးကို ဘားအံမြို့နယ်​တရားရုံး ​ခေါ်​ဆောင်​လာချိန်​မှာ​တော့ ၈၈ ကရင်​မျိုးဆက်​​ကျောင်းသား အစည်းအရုံးအဖွဲ့ဝင် ၂၀ နီးပါးက ဦး​စော​မောင်​ကြီး အမြန်​လွှတ်​​ပေးဆိုတဲ့ တူညီဝတ်​စုံ​တွေ ဝတ်​ဆင်​ပြီး တရားရုံး​ရှေ့ လာ​ရောက်​​စောင့်​ကြို​နေခဲ့ကြပါတယ်​။ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  အစိုးရအကြား ငြိမ်းချမ်းရေးရဖို့ တည်ဆောက်ချိန်မှာ  ပုဒ်မ ၁၇ ကို ဖျက်သိမ်းသင့်ပြီလို့ ပြောပါတယ်။ “မတရားအသင်းနဲ့ ဆက်ဆံတယ်ဆိုတဲ့ ကိစ္စတွေအတွက် အရေးယူပါတယ်ဆိုတဲ့ ပုဒ်မ ၁၇/၁ က ဒါ နှစ်ပေါင်း ၁၀၀ လောက်ရှိသွားပြီ။ အဲတော့ ဒီဥပဒေဟာ မရှိသင့်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ငြိမ်းချမ်းရေးတွေလည်း ဆွေးနွေးနေတယ်၊ လက်မှတ်တွေလည်း ထိုးတော့မယ်ဆိုတဲ့ အချိန်အခါမျိုးမှာ ဒီ ၁၇/၁ ကို ဆက်လက်ပြီးတော့ အသက်သွင်းထားတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး။ အများအတွက် အကောင်းမရှိတဲ့ ဥပဒေပုဒ်မဖြစ်လို့ ဒီဥပဒေတခုလုံးကို ဖျက်သိမ်းသင့်တယ်။ အဲဒါမှလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူရတယ်။ မဟုတ်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ဆက်ဆံရေးမှာ အဖုအထစ်ရှိနေဦးမယ်လို့ ကျနော်တင်ပြလိုပါတယ်။” ဦးစောမောင်ကြီးဟာ ကရင်ပြည်နယ်အတွင်းက သိမ်းဆည်းခံ မြေယာအရေးတွေမှာ ဒေသခံတွေဘက်ကနေ ကူညီလှုပ်ရှားပေးတဲ့သူလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - ကျော်စိုး  

A d v e r t i s e m e n t With Us

More News
Up