မျှော်လင့်ချက်မဲ့နေတဲ့ တိုင်းပြည်

“အလုပ်လက်မဲ့ထက် မျှော်လင့်ချက်မဲ့ ဖြစ်သွားမှာကို ပိုစိုးရိမ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က တခါ ပြောခဲ့ဖူးတယ်။ အခု မြန်မာပြည်မှာ လူတွေမှာ မျှော်လင့်ချက် ကင်းမဲ့နေကြတယ်။ မြန်မာပြည်ကို ကျနော် ရောက်တဲ့နေ့နဲ့ စင်ကာပူမှာ ကွယ်လွန်သွားတဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းရဲ့ အလောင်းကို မြန်မာပြည် ပြန်သယ်တဲ့နေ့ တိုက်ဆိုင်ပါတယ်။ ဒီမိုကရေစီ အတိုက်အခံတွေအပေါ် သဘောထားတင်းမာတဲ့ စစ်အစိုးရခေတ် အမာခံ ခေါင်းဆောင်တယောက် အနိစ္စသဘောအရ လူ့လောကကနေ ထွက်ခွာသွားတာကို ပျော်ကြသူတွေ မနည်းပါဘူး။ လူမှုရေးအရ ယဉ်ကျေးခြင်း၊ မယဉ်ကျေးခြင်းက တခြား ကိစ္စပါ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်လို့ ဒါက သဘာဝကျပါတယ်။ နောက်ထပ် နှစ်ပတ်အကြာ ချီလီမှာ အာဏာရှင် ပီနိုရှေးခေတ်က ထောက်လှမ်းရေးဗိုလ်ချုပ် သေဆုံး သွားတော့လည်း ချီလီပြည်သူတွေ ပျော်ကြ၊ လမ်းပေါ်ထွက် အောင်ပွဲခံကြတယ်။ ဒါတောင် ထောက်လှမ်းရေး ဗို်လ်ချုပ်ဟာ တချိန်က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဒီမိုကရေစီခေတ်မှာ ထောင်သွင်း အကျဉ်းကျခံခဲ့ရပါတယ်။ မြန်မာပြည်မှာတော့ ဦးအောင်သောင်း အပါအ၀င် ဘယ်သူတဦးတယောက်ကမှ ဒီိလို ကံကြမ္မာမျိုးနဲ့ မကြုံခဲ့ရပါဘူး။ ဦးအောင်သောင်းဟာ နာမည်ကျော် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူအဖြစ် အများကသတ်မှတ်တာ ခံခဲ့ရသူပါ။ ဒါပေမယ့် အဲဒီ လုပ်ကြံမှုမှာ ကံကောင်းထောက်မလို့ အသက်မသေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းစည်း ပို့ခဲ့တယ်။ ဒီအတွက် ဒေါ်စုကို ဝေဖန်တာတွေလည်း ဆူညံသွားခဲ့တယ်။ တဘက်ကကြည့်ရင် မြန်မာပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အထိ ခက်ခဲသလဲ ဆိုတာကို ထင်ဟပ်ပြလိုက်တာပါ။ မြန်မာပြည်မှာ Wuthering Heights ၀တ္ထုထဲက ဇာတ်ကောင် Heathcliff လိုမျိုး အငြိုးအတေးနဲ့ လက်စားချေဖို့ အားသန်သူတွေရဲ့ အသံက ပိုပြီး ကျယ်လောင်သလား အောက်မေ့မိပါတယ်။ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာတွေမှာပါ။ သူတို့လောက် ခံစားချက် မပြင်းထန်သူတွေကတော့ တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးတခု လျော့သွားတာပဲဆိုပြီး ကျိတ်ဝမ်းသာခဲ့ကြတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဒီလို စိတ်သက်သာစရာ အချိန်တွေက သက်တမ်းရှည်လေ့ မရှိပါဘူး။ မကြာခင် ရက်ပိုင်းမှာပဲ တတိုင်းပြည်လုံးနီးပါး ရေကြီးမှုနဲ့ ကြုံလိုက်ရတယ်။ အစိုးရက အချိန်နှောင်းပြီးမှ အရေးပေါ် အခြေအနေ ကြေညာပါတယ်။ ပြည်သူတွေဟာ ဘာမှ ကြိုတင်မပြင်ဆင်ထားရဘဲ သဘာဝကပ်ဘေးနဲ့ ကြုံလိုက်ရတယ်။ ဒီလိုအဖြစ်မျိုး ၂၀၀၈ နာဂစ်တုန်းကလည်း ကြုံခဲ့ရပါတယ်။ အစိုးရက တာဝန်မဲ့တာကြောင့် မြစ်ဝကျွန်းပေါ်သားတွေဟာ ရှောင်လွှဲလို့ရနိုင်တဲ့ ကပ်ဘေးကို မရှောင်နိုင်ခဲ့ကြပါဘူး။ လူသိန်းချီ သေဆုံးခဲ့ပြီး ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း စစ်အစိုးရက အ၀င်မခံခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲအလွန် အရပ်သား အစိုးရအဖွဲ့ ပေါ်လာပြီး သမ္မတ ဦးသိန်းစိန်အဖြစ် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်တဲ့အခါမှာ တချို့ နိုင်ငံရေး ပရောဟိတ်တွေက နာဂစ်ကပ်ဘေးမှာ မြင်ခဲ့ရတဲ့ အဖြစ်အပျက်ဟာ အဲဒီအချိန်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အတွက် သံဝေဂရစေတဲ့ နိမိတ်ကြီးတပါး ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ကြတယ်။ ဒါပေမယ့် အခုတခေါက်မှာလည်း ရေဘေးအတော်ဆိုးတဲ့ အချိန်အထိ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ ၂၀၀၈ တုန်းကထက် ဘာမှ မထူးပါဘူး။ ရေဘေးက ကျယ်ပြန့်ပေမယ့် နာဂစ်မုန်တိုင်းလို မပြင်းထန်လို့သာ လူတွေ နာဂစ်တုန်းကလို အတုံးအရုံး မသေကြတာ ကံကောင်းသွားပါတယ်။ ပုဂ္ဂလိက မီဒီယာတွေ၊ လူမှုကွန်ရက် မီဒီယာတွေ ကျေးဇူးကြောင့် ပြည်သူတွေဟာ အစိုးရဆီက ထုတ်ပြန်ချက်ကို စောင့်နားထောင်စရာ မလိုဘဲ အခြေအနေမှန်ကို အချိန်နဲ့ တပြေးညီ သိလာကြတယ်။ အစိုးရက ဒုက္ခသည်တွေကို အကူအညီပေးဖို့ ချီတုံချတုံ ဖြစ်နေချိန်မှာပဲ တနိုင်တပိုင် စေတနာရှင်တွေ အသီးသီး ပေါ်လာတယ်။ လူငယ်အဖွဲ့တွေ၊ ကျောင်းသားအဖွဲ့တွေ၊ အနုပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေ အသီးသီးဟာ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ အလှူခံထွက်ကြတယ်။ နေနိုင်လွန်းတဲ့ အစိုးရဆီကနေ ပြည်သူတွေဟာ ဘာမှ မမျှော်လင့်ကြတော့ဘဲ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ ရေဘေး ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးပမ်းလာကြတာ တွေ့ရတယ်။ ရန်ကုန်မှာရှိနေတုန်း လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်ဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခံထားရတဲ့၊ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တက်ကြွလှုပ်ရှားသူ နော်အုံးလှတို့ ရုံးချိန်းကိုလည်း ရောက်ခဲ့ပါတယ်။ သူတို့လည်း အပြင်ရောက်တဲ့ နာရီပိုင်းလေးမှာပဲ ရေဘေးသင့် ပြည်သူတွေကို အကူအညီ ပေးနိုင်ဖို့အတွက် အဆက်အသွယ်တွေကို ဖုန်းဆက်ရင်း၊ လုပ်ဖော်ကိုင်ဘက်တွေကို လမ်းညွှန်ရင်း အလုပ်များနေတာ တွေ့ခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နော်အုံးလှရဲ့ အသက် ၅၃ နှစ်ပြည့်မွေးနေ့ အခမ်းအနားကိုလည်း တရားရုံး အဆောက်အဦထဲက အခန်းလွတ်ထဲမှာ ထောက်ခံသူ အနည်းအကျဉ်းနဲ့ ကျင်းပခဲ့ပါတယ်။ နော်အုံးလှဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘ၀မှာ အင်္ဂါထောင့် ဆုတောင်းပွဲတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပင်မ နိုင်ငံရေးလမ်းကြောင်းအတိုင်း မလိုက်တဲ့ ကရင် အမျိုးသမီးဟာ အပယ်ခံလို ဖြစ်လာခဲ့တယ်။ ဒါကြောင့် နရသိန်တွင်း မွေးနေ့ပွဲကို သူ့လိုပဲ အပယ်ခံ တက်ကြွလှုပ်ရှားသူ တချို့ကလွဲလို့ ဘယ်သူမှ မလာပါဘူး။ မီဒီယာတွေလည်း စိတ်မ၀င်စားကြ ပါဘူး။ သံခြေကျင်းခတ်ထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း တယ်လီဖုန်းတလုံးနဲ့ အလုပ်များတဲ့အတွက် ထောင်ဝင်စာလာတဲ့ သူ့ဇနီးနဲ့တောင် စကားပြောချိန် သိပ်ရှိပုံမရပါဘူး။ ထောင်ထဲ ပြန်ခေါ်သွားဖို့ အချိန်ပြည့်ခါနီးမှာ ရဲအရာရှိ ရောက်လာမှပဲ ဇနီးကို သတိရသလား မသိ၊ ခဏစောင့်ဖို့ ရဲအရာရှိကို မေတ္တာရပ်ခံရင်း သူ့ဇနီးနဲ့ စကားပြောနေတာ တွေ့ရပါတယ်။ အချိန်စေ့တဲ့အခါ ဂျာနယ် သတင်းစာတွေ၊ ထောင်ဝင်စာတွေ၊ အထုပ်တွေကို ရဲသားက ထောင်ကားပေါ်တင်ဖို့ သယ်နေချိန်မှာ စကားပြောကောင်းတဲ့ ကိုနေမျိုးဇင်က အားလုံးရှေ့မှာ အခုလို ဟာသစကား ပြောပါတယ်။ “ရဲမှူးကြီးကိုတော့ အားနာပါတယ်ဗျာ၊ အခု ထောင်ထဲမှာ ကျနော် သီချင်းဆို လေ့ကျင့်နေတယ်”လို့ စကားနိဒါန်းပျိုးရင်း နိုင်ငံတော်သီချင်းကို တရုတ်သံဝဲ၀ဲနဲ့ ဆိုပြပါတယ်။ တရုတ်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြတဲ့ သူတို့လို တက်ကြွလှုပ်ရှားသူတွေကို ရုံးမထုတ်ခင် ရက်ပိုင်းလေးကပဲ သစ်ခိုးထုတ်လို့ အဖမ်းခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်တဲ့ ကိစ္စကို လှောင်ပြောင်တာပါ။ “ဒါ တို့ပြည် ဒါ တို့မြေ ၀ ပိုင်တဲ့ မြေ” ဆိုပြီး အဆုံးသတ်လိုက်တဲ့အခါ ရဲမှူးကြီး အပါအ၀င် အနားကလူတွေ အားလုံး ရယ်မောကြပါတယ်။ အချုပ်အခြာ အာဏာကိစ္စ တွင်တွင်ပြောတဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ ခေတ်မှာ ဒီထက် ပြောင်မြောက်တဲ့ ဟာသ၊ ဒီထက် စိတ်ပျက်စရာ ကိစ္စလည်း ရှိမယ် မထင်ပါဘူး။ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေမှာ ထောင်မကြောက်တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အောက်ခြေ၀န်ထမ်းတွေ ရယ်မောနိုင်တဲ့ အချိန်ဟာလည်း သိပ်မကြာခင်မှာပဲ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒီအချိန်မှာ အင်အားအကြီးဆုံး အတိုက်အခံ နိုင်ငံရေး အင်အားစုတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ကြားမှာ အကွဲအပြဲ ဇာတ်လမ်းတွေလည်း ပေါ်နေတယ်။ ၈၈ မျိုးဆက် ထိပ်တန်း ခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ နောက်လိုက်တချို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းမှာ မထည့်ဘဲ ပယ်ချလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ထင်ရှားတဲ့ အမျိုးသမီးလွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းလည်း ဒီလိုပဲ အပယ်ခံရတဲ့ စာရင်းမှာ ပါဝင်ပါတယ်။ ဒါကို ရန်ကုန်အခြေစိုက် မီဒီိယာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက စိတ်ပျက်ကြတယ်။ အန်အယ်လ်ဒီကို အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတွေ အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေတယ်လို့ သူတို့က မြင်ကြတယ်။ အန်အယ်လ်ဒီ အောက်ခြေမှာလည်း မကျေမနပ်ဖြစ်ပြီး ကန့်ကွက်တာတွေ၊ ပါတီဝင်အဖြစ်က နုတ်ထွက်တာတွေ၊ နောက်ဆုံး ရွေးချယ်ခံထားရတဲ့ အမတ်လောင်းတွေ အကြောင်းအမျိုးမျိုးနဲ့ နုတ်ထွက်တာတွေ ဖြစ်လာတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးသမားတွေဆီမှာ ကိုယ်စီကိုယ်ငှ အကြောင်းပြချက်တွေ ရှိနိုင်ပေမယ့် သာမန်ပြည်သူတွေအတွက်ကတော့ စိတ်ရှုပ်စရာတွေချည်းပါပဲ။ မဲဆွယ်ပွဲကာလ ရောက်တဲ့အခါ ပိုပြီး ရှုပ်ထွေးလာရင် ပြည်သူတွေအတွက် ပိုပြီး မျှော်လင့်ချက် မဲ့စေပါလိမ့်မယ်။ အာဏာကို နှစ်ပေါင်းများစွာ မောင်ပိုင်စီးခဲ့ကြ၊ ပြည်သူကို အနိုင်ကျင့်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက်နေတာ ကြာပါပြီ၊ မျှော်လင့်ချက် မထားတာ ကြာပါပြီ။ ဒါပေမယ့် အခုတခေါက် မျှော်လင့်ချက်မဲ့နေကြပုံက ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်။ အတိုက်အခံတွေ မညီညွတ်တာဟာ ဒီမိုကရေစီ အကူးအပြောင်းကို လမ်းလွဲစေပြီး၊ အာဏာရှင်ဘက်သားတွေ အသာစီးသွားရသွားတဲ့ ရေခံမြေခံမျိုး ဖြစ်သွားတတ်တဲ့ တခြားနိုင်ငံတွေက နမူနာကို မြန်မာအတိုက်အခံတွေ သင်ခန်းစာ မယူနိုင်တာ ကောင်းတဲ့ နိမိတ် မဟုတ်ပါဘူး။ နေသွင်

More News
Up