အကြမ်းဖက်အဖွဲ့ ဖမ်းထားသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးလွတ်မြောက်

ပြန်လည်လွတ်မြောက်လာသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၂ ဦး။ (ဓာတ်ပုံ - ရိုက်တာ)
ဖိလစ်ပိုင် အစ္စလာမ္မစ်အကြမ်းဖက် အဘူ ဆာယက်ဖ် (Abu Sayyaf) အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၂ ဦးဟာ သြဂုတ် ၁၉ ရက်ညက သူတို့ကို သွားရောက်ကယ်ဆယ်တဲ့ တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်လာကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက ဇူးလူးပြည်နယ်မှာ ၂ နာရီကြာ တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်လာကြတာပါ။ အကြမ်းဖက်အဖွဲ့ဟာ သေးငယ်ပေမယ့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လွတ်လပ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ဖို့ တိုက်ပွဲဝင်နေပြီး မကြာခဏ  ပြန်ပေးဆွဲလေ့ရှိပါတယ်။ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ဓားစာခံတဦးက တိုက်ပွဲဟာ သူတို့ရှိနေတဲ့နေရာနဲ့ ၁၅ မီတာလောက် အရောက်မှာ ဒါဟာ ထွက်ပြေးဖို့ အခွင့်အခါကောင်းပဲဆိုပြီး ထွက်ပြေးခဲ့တာလို့ သတင်းထောက်တွေကို ပြောပြပါတယ်။ ဓားစာခံ ၂ ယောက် အခွင့်အရေးရသလို ထွက်ပြေးခဲ့ကြပေမယ့် သြဂုတ် ၂၀ ရက်နေ့က ဆေးရုံမှာ ပြန်ဆုံကြမှ သူတို့ ၂ ဦးလုံး ထွက်ပြေးလွတ်မြောက်လာမှန်း သိရှိကြတာပါ။ သူတို့ကို သွားကယ်ဆယ်တဲ့ တိုက်ပွဲအတွင်းမှာ စစ်သွေးကြွ ၁၅ ဦးလောက်  သေဆုံးတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။ ဒီဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ဝင် ၂ ဦးဟာ ပြီးခဲ့တဲ့ မေလက ပြန်ပေးဆွဲခံခဲ့ရတာပါ။ ပြီးခဲ့တဲ့တပတ်က ကျေးရွာအာဏာပိုင်တဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး ဒီတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း ပြန်ပေးငွေမရလို့ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ အကြမ်းဖက်အဖွဲ့ဟာ မလေးရှားနိုင်ငံသားနဲ့ နယ်သာလန်နိုင်ငံသား တဦးတို့ကို  ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆွစ်ဇာလန်နိုင်ငံသားတဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up