နှစ်ပေါင်း ၃၀၀ ခန့်က ရွှေဒင်္ဂါပြားများ ပင်လယ်ထဲ တွေ့ရှိဆယ်ယူ (ရုပ်သံ)

4.6K
အမေရိကန် ဖလော်ရီဒါပြည်နယ်က ရှေးဟောင်းရတနာသိုက်ရှာဖွေသူတွေဟာ ဇူလိုင်လကုန်ပိုင်းမှာ ၁၈ ရာစုက စပိန်ဒင်္ဂါးပြားတွေကို ပင်လယ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်က သြဂုတ် ၁၉ ရက်နေ့ကပြောဆိုပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀၀ က ကာလတန်ကြေး အမေရိကန်ဒေါ်လာ ၄.၅ သန်းဖိုးရှိတဲ့ စပိန်ရွှေဒင်္ဂါးပြား ၃၅၀ ကို ဖလော်ရီဒါ ကမ်းလွန် အတ္တလန္တိတ်ပင်လယ်ကြမ်းပြင်မှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
ဒီရွှေဒင်္ဂါးပြားတွေဟာ လွန်ခဲ့တဲ့အနှစ် ၃၀၀ က စပိန်ရွက်သင်္ဘော ၁၁ စီးက ဒင်္ဂါးပြားတွေဖြစ်ပြီး ကျူးဘားကနေ စပိန်နိုင်ငံကို ပြန်လာရင်း လမ်းမှာ ဟာရီကိန်း မုန်တိုင်းမိပြီး နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
ဖလော်ရီဒါကမ်းလွန်မှာ အခုလို ရှေးဟောင်းရတနာတွေ ရှာဖွေတဲ့လုပ်ငန်းတွေဟာ ရေပန်းစားနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လကပဲ အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရွှေဒင်္ဂါးတွေ ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။
နောက်ဆုံးတွေ့ရှိခဲ့တဲ့ ရွှေဒင်္ဂါးပြား ၃၅၀ ဟာလည်း ပင်လယ်ရေအနက် ၁ မီတာမှာပဲ သဲတွေအောက် ဖုံးအုပ်နေတာပါ။
အမေရိကန်အစိုးရရဲ့ ဥပဒေအရ ဒီတွေ့ရှိမှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း အစိုးရကို ပေးသွင်းရမှာပါ။
အခုရှာဖွေတွေ့ရှိခဲ့တဲ့ ဒင်္ဂါးပြားတွေထဲမှာ အလွန်ရှားပါးတဲ့ royal eight escudos အက်ကူးဒိုးဆိုတဲ့ ဒင်္ဂါးပြားမျိုး ၉ ပြားပါဝင်ပြီး အရင်က အဲ့လိုဒင်္ဂါးပြားမျိုး ၂၀ ပဲရှိခဲ့တာလို့ သိရပါတယ်။