၂၀၁၅ အကုန်တွင် ပိုလီယိုရောဂါ အမြစ်ပြတ် သုတ်သင်မည်ဟု အာဖဂန် ပြော

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်အစိုးရက နိုင်ငံတွင်း ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ပိုလီယိုရောဂါကို အမြစ်ပြတ် သုတ်သင်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။ မနှစ်က ပိုလီယိုဝေဒနာသည် ၂၈ ယောက် အစီရင်ခံခဲ့ပြီး ဒီနှစ်မှာ ၇ ယောက်ပဲ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဝါဟီဒူလာ မာယာက သြဂုတ် ၁၉ ရက်နေ့က ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့တို့က ငွေနဲ့ အကူအညီ ပေးခဲ့ပေမယ့် အစိုးရဆန့်ကျင်ရေး တပ်တွေရဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ ဒီလုပ်ငန်းဟာ ဝန်ကြီးဌာနအတွက် ခက်ခဲတဲ့အလုပ် ဖြစ်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေး အလုပ်ကို ၁၅ နှစ်လုပ်ခဲ့တဲ့ နဇား မိုဟာမဒ်ကတော့ သူ့ဝန်ထမ်းတွေနဲ့အတူ နေ့စဉ် မိသားစု ၇၀ နဲ့ ၈၀ ကြားဆီ သွားရောက်လည်ပတ်ရင်း ကလေးအယောက် ၁၅၀ လောက်ကို ဗီတာမင်အေနဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေပါတယ်။ ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်တွေကြောင့် ကာကွယ်ရေးလုပ်ငန်းတွေ နှောင့်နှေးရတယ်လို့ သူက ပြောပါတယ်။ ခရိုင်တွေရှိ တချို့မိသားစုတွေက ကာကွယ်ဆေး ကောင်းတယ်လို့ မထင်ဘူး၊ ဘိုးဘေးစဉ်ဆက် ကာကွယ်ဆေးမပါဘဲ ရှင်သန်ခဲ့ကြပြီးပြီ၊ ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ မလိုဘူးဆိုတဲ့ အတွေးကို ကိုင်စွဲထားတယ်လို့ သူက ပြန်ရှင်းပြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဇူလိုင် ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ဆရာဝန်နဲ့ လုပ်အားပေး အယောက် ၇ သောင်းကျော်ဟာ နိုင်ငံတလွှား ကလေးအယောက် ၈ သန်းနီးပါးကို ကာကွယ်ဆေး တိုက်ကျွေးတဲ့ အလုပ်မှာ ကူညီဆောင်ရွက်ခဲ့ကြပါတယ်။

More News
Up