ပျက်ကျ အင်ဒိုနီးရှားလေယာဉ်မှ သေဆုံးသူများကို ပြန်သယ်

အင်ဒိုနိးရှားနိုင်ငံ ပါပူဝါပြည်နယ်ထဲမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို သြဂုတ် ၁၉ ရက်နေ့က ပြန်သယ်ပါတယ်။ သြဂုတ် ၁၇ ရက်နေ့က ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လူ ၅၄ ဦး လိုက်ပါသွားခဲ့ပြီး အသက်ရှင်ကျန်သူ မရှိပါဘူး။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာန လက်ထောက် အကြီးအကဲ ဟာရိုနီမက် ဂုရုက ပျံသန်းမှု မှတ်တမ်းတင်စက်ကိုတော့ သူတို့အဖွဲ့က ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။ အစောပိုင်းသတင်းတွေအရ ဘလက်ဘောက်စ်လို့ ခေါ်တဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် ၂ ခုစလုံးကို တွေ့ရှိပြီလို့ ဆိုပေမယ့် အရာရှိတွေက တလုံးပဲ ရှာတွေ့သေးတယ်လို့ သြဂုတ် ၁၉ ရက်နေ့မှာ ပြောပါတယ်။ ဒါကြောင့် လေယာဉ်ပျက်ကျတဲ့ နေရာမှာ အဖွဲ့ဝင် ၁၀ ဦးပါ ရှာဖွေရေးအဖွဲ့က လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်လို့ ဂုရုက ပြောပါတယ်။ လေယာဉ်ပေါ်မှာ အရွယ်ရောက်ပြီးသူ ၄၄ ဦး၊ ကလေး ၅ ဦး၊ လေယာဉ်ဝန်ထမ်း ၅ ဦး လိုက်ပါသွားခဲ့ပြီး အားလုံး အင်ဒိုနီးရှားလူမျိုးတွေ ဖြစ်ကြပါတယ်။ အဲဒီဒေသက ဆင်းရဲသား ပြည်သူတွေ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အကူအညီပေးဖို့ ဒေါ်လာ ၄ သိန်း ၇ သောင်းကိုလည်း လေယဉ်နဲ့အတူ တင်ဆောင်သွားခဲ့ပါတယ်။ ပိုက်ဆံတွေကို အိတ်နှစ်လုံးနဲ့ထည့်ထားတာ ပြန်တွေ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြန်လည်အပ်နှံဖို့ ညွှန်ကြားထားကြောင်း ဂုရုက ပြောပါတယ်။ သြဂုတ် ၁၉ ရက်နေ့အထိ အလောင်း ၃၁ လောင်းကို တွေ့ရှိထားကာ ၂၇ လောင်းကို ဒေသတွင်းက ဆေးရုံ ပို့လိုက်ပြီး နောက်ထပ် ၄ လောင်းကို ဂျာရာပူရာမြို့ဆီကို လေယာဉ်နဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ နောက်ထပ် ၂၃ လောင်းကတော့ လေယာဉ်ပျက်ကျတဲ့ နေရာမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

More News
Up