ဆီးရီးယား သုတေသနပညာရှင် ခေါင်းဖြတ်သတ်ခံရ (ရုပ်သံ)

ဆီးရီးယားရှေးဟောင်းသုတေသနပညာရှင်တဦး အစ္စလာမ်မ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) အကြမ်းဖက်တွေရဲ့ ခေါင်းဖြတ်သတ်တာခံရတယ်လို့ ဆီးရီးယာအာဏာပိုင်တွေက ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ သတ်ဖြတ်ခံရသူ အသက် ၈၁ အရွယ် ခါလက် အယ်လ် အာဆတ်(Khaled al-Asaad) ဟာ ဆီးရီးယားနိုင်ငံရဲ့ ပါးလ်မိုင်ရာ(Palmyra) ရှေးဟောင်းအမွေအနှစ်နယ်မြေကို နှစ်ပေါင်း ၄၀ ကျော် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူ ဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ထိန်းသိမ်းစောင့်ရှောက်ခံ ပါးလ်မိုင်ရာ ရှေးဟောင်းအမွေအနှစ်နယ်မြေကို အိုင်အက်စ်အကြမ်းဖက်တွေက ပြီးခဲ့တဲ့ မေလက သိမ်းပိုက်ခဲ့ကြတာပါ။ ခါလက် အယ်လ် အာဆတ်ကိုလည်း မသတ်ဖြတ်ခင် ၁ လကြာ ဖမ်းဆီးခဲ့တယ်လို့ သူရဲ့ မိသားစုဝင်တွေက ဆီးရီးယားရှေးဟောင်းသုတေသနဌာန ညွန်ကြားရေးမှူးကို ပြောဆိုခဲ့တာပါ။ ခါလက် အယ်လ် အာဆတ်ဟာ  ၂၀ ရာစုရဲ့ အထင်ရှားဆုံး ဆီးရီးယားရှေးဟောင်းသုတေသနပညာရှင် တွေထဲက တဦးဖြစ်တယ်လို့ ရှေးဟောင်းသုတေသနညွန်ကြားရေးမှူးက ပြောဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ယူနက်စကိုယဉ်ကျေးမှုအဖွဲ့ကြီးကလည်း အာဆတ်ကို သတ်ဖြတ်မှုဟာ ဆိုးဝါးမိုက်ကန်းတဲ့ လုပ်ရပ်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ခါလက် အယ်လ် အာဆတ်ဟာ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေပေါ်မှာ သူတန်ဖိုးထားမှု၊ သူရဲ့ယုံကြည်မှုတွေကြောင့် အခုလို သတ်ဖြတ်ခံရတာလို့ ယူနက်စကိုရဲ့ ညွန်ကြားရေးမှူးချုပ် အိုင်ရီနာ ဘိုကိုဗာ(Irina Bokova)ရဲ့ ကြေညာချက်က ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်တွေဟာ အီရတ်နိုင်ငံမှာ သူတို့ သိမ်းပိုက်ရရှိတဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နယ်မြေအများအပြားကို ဗုံးခွဲ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း ဆီးရီးယားနိုင်ငံက အရှေ့အလယ်ပိုင်းဒေသရဲ့သမိုင်းဝင်အမွေအနှစ်နယ်မြေတွေကိုလည်း မြေလှန်ဖျက်ဆီးပစ်မှာကို စိုးရိမ်နေကြရပါတယ်။

More News
Up