ဖီဖာ အရာရှိဟောင်းကို နီကာရာဂွါအစိုးရ တရားစွဲ

ဂျူလီယိုရိုချာ (ဓာတ်ပုံ - အီးပီအေ)
နီကာရာဂွါ အစိုးရက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အရာရှိဟောင်း ဂျူလီယို ရိုချာကို ငွေမည်းခ၀ါချမှု၊ အလွဲသုံးစားမှုတွေနဲ့ တရားစွဲလိုက်တယ်လို့ အစိုးရ ရှေ့နေချုပ်က ပြောပါတယ်။ သူ့ကို စွပ်စွဲထားတဲ့ အမှုဟာ အမေရိကန် အခြေစိုက် Traffic Sports USA ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ တသိန်းခွဲ တန်ကြေးရှိတဲ့ ဘောလုံးပွဲ ရုပ်သံထုတ်လွှင့်ခွင့် ကန်ထရိုက်စာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်လာ တသိန်းဟာ လာဘ်ထိုးငွေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ လာဘ်ငွေတွေကို စပိန်ဘဏ်တခုကတဆင့် နီကာရာဂွါဆီကို လွှဲပေးခဲ့တယ်လို့ အစိုးရ ရှေ့နေချုပ် အန်နာ ဂျူလီယာ ဂူဒိုက ပြောပါတယ်။ ရိုချာဟာ ရာဇ၀တ်မှုတွေအတွက် အမေရိကန် အစိုးရက အလိုရှိနေတဲ့ ဖီဖာအရာရှိ ၁၄ ဦးထဲမှာ ပါဝင်ပြီး မေလကတည်းက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ဖမ်းဆီးခံထားရပါတယ်။ ဒါကြောင့် သူ့ကို ဆွစ်ဇာလန်နိုင်ငံကနေ မိခင်နိုင်ငံကို လွှဲပြောင်းပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း အစိုးရ ရှေ့နေချုပ်က ပြောပါတယ်။ ရိုချာဟာ အရင်က နီကာရာဂွါနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ရိုချာ ကိုယ်တိုင်ကလည်း သူ့ကို နီကာရာဂွါကို လွှဲပြောင်းမယ့် အစီအစဉ်ကို သဘောတူထားပြီး နောက်ဆုံး လွှဲပြောင်းရေး အစီအစဉ် အဆုံးအဖြတ်က အမေရိကန် အာဏာပိုင်တွေအပေါ်မှာ မူတည်နေပါတယ်။

More News
Up