အစ္စတန်ဘူလ်ကို သိမ်းပိုက်ရန် ဆော်သြသည့် ရုပ်သံ အိုင်အက်စ် ဖြန့်ချိ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ တူရကီနိုင်ငံသားတွေကို သစ္စာဖောက် သမ္မတ တေယစ်အာဒိုဂံရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်ပြီး အစ္စတန်ဘူလ်မြို့တော်ကို သိမ်းပိုက်ဖို့ ဆော်သြထားတဲ့ ရုပ်သံကို သြဂုတ် ၁၈ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ အိုင်အက်စ်စစ်သွေးကြွတွေက သမ္မတ အာဒိုဂံကို ခရူးဆိတ် စစ်ပွဲမှာ တိုက်ခဲ့သူတွေနဲ့ ဘုရားမဲ့ဝါဒီ ကာဒစ်စတန် အလုပ်သမားပါတီ ပီကေကေတို့ဆီ နိုင်ငံကို ရောင်းစားသူလို့ တားကစ်ဘာသာစကားနဲ့ စွပ်စွဲ ပြောဆိုပါတယ်။ ဒါ့အပြင် သမ္မတဟာ သူ့ရာထူး တည်မြဲရေးအတွက် တူရကီ အခြေစိုက်စခန်းတွေကို အမေရိကန်နဲ့ ခရူးဆိတ် ဘာသာရေးစစ်ပွဲကို တိုက်ခဲ့သူတွေသုံးဖို့ ခွင့်ပြုခဲ့တယ်လို့လည်း ပြောပါတယ်။ ရိုင်ဖယ်ကိုင်ထားတဲ့ စစ်သွေးကြွက တူရကီပြည်သူတွေကို သတိပေးစကားလည်း ပြောပါတယ်။ "တူရကီ ပြည်သူတွေ အချိန်မဖြုန်းဘဲ ခင်ဗျားတို့ကို ခရူးဆိတ်စစ်ပွဲကို တိုက်ခဲ့သူတွေရဲ့ ကျွန်ဖြစ်အောင် လုပ်ထားတဲ့ ဘုရားမဲ့ဝါဒီတွေ၊ ခရူးဆိတ်တိုက်ခိုက်ရေးသမားတွေနဲ့ မိစ္ဆာဒိဋ္ဌိတွေကို ဆန့်ကျင်တော်လှန်ရမယ်၊ တိုက်ရမယ်။" အိုင်အက်စ်တွေဟာ တားကစ်ဘာသာစကားနဲ့ ရေးသားတဲ့ မဂ္ဂဇင်းကို ဇွန်လက ထုတ်ဝေခဲ့ပြီး တူရကီရဲ့ အကြီးဆုံးမြို့ အစ္စတန်ဘူလ်ကို တိုက်ဖို့ ဆော်သြထားတဲ့ ဆောင်းပါးကို ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ တူရကီဟာ အရင်လက သူ့ရဲ့ ဗျူဟာမြောက် စစ်အခြေစိုက်စခန်းတွေကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေအတွက် ဖွင့်ပေးခဲ့တာပါ။ ဒါဟာ တူရကီနယ်စပ်ကို ထိပါးနေတဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်ရေး ရှေ့တန်းကနေ နေရာယူဖို့ တွန့်ဆုတ်နေတဲ့ တူရကီ အစိုးရအတွက် အကြီးစား မူဝါဒ အပြောင်းအလဲ ဖြစ်ပါတယ်။ တူရကီအစိုးရဟာ ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ် ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်လုပ်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အားထုတ်မှုအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် စီးနင်းတိုက်ခိုက်မှု အများစုက ကာဒစ်ရှ် စစ်သွေးကြွတွေကို ပစ်မှတ်ထားခဲ့တာပါ။ အိုင်အက်စ်တွေဖြန့်ချိတဲ့ ၇ မိနစ်ကြာ ရုပ်သံထဲမှာ တိုက်ပွဲသတိပေးချက်တွေ၊ ခြိမ်းခြောက်မှုတွေ မပါခဲ့ပေမယ့် တူရကီ မွတ်စလင်တွေက ဘာသာရေးဆရာ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ရေး ကူညီကြဖို့နဲ့ အိုင်အက်စ်အုပ်စုတွင်း ရာထူးတွေကို ပူးပေါင်းကြဖို့ ဆော်သြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up