လိင်ပြောင်းထားသူတဦးကို အိမ်ဖြူတော် ၀န်ထမ်းအဖြစ် ပထမဆုံးခန့်အပ်
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ လိင်ပြောင်းထားသူ တဦးကို ပထမဆုံး ၀န်ထမ်းအဖြစ် ခန့်အပ်တယ်လို့ အိုဘားမား အစိုးရက သြဂုတ် ၁၈ ရက်နေ့မှာ ပြောပါတယ်။
ဒါဟာ လိင်တူချင်း စိတ်ဝင်စားသူတွေ၊ လိင်ပြောင်းလဲထားသူတွေရဲ့ အခွင့်အရေးကို သမ္မတ အိုဘားမားက အလေးထားမှု နောက်ဆုံး သက်သေပြမှု ဖြစ်လာပါတယ်။
ရက်ဖီ ဖရီးဒ်မင်း ဂါစပန်း ဆိုတဲ့ လိင်ပြောင်းလဲထားသူ အမျိုးသမီးဟာ လိင်ပြောင်းလဲထားသူများ တန်းတူအခွင့်အရေး နေရှင်နယ်စင်တာမှာ မူဝါဒ အကြံပေးအဖြစ် တာဝန်ထမ်းနေသူဖြစ်ပါတယ်။
အခုတော့ သူ့ကို အိမ်ဖြူတော်မှာ လူထုဆက်ဆံရေးနှင့် ၀န်ထမ်းခန့်ထားရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးလိုက်ပါတယ်။
သမ္မတ အိုဘားမားဟာ လိင်တူထိမ်းမြားခွင့်ကို အစပိုင်းမှာ ကန့်ကွက်ခဲ့သူဖြစ်ပြီး ၂၀၁၂ ကျတော့မှ လက်ခံလာသူဖြစ်ပါတယ်။
သူ့ရဲ့မူဝါဒတွေမှာလည်း LGBT အုပ်စုတွေအတွက် တန်းတူအခွင့်အရေးကို ဦးဆောင်ပေး လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုနဲ့ အမေရိကန် စစ်တပ်ထဲမှာ လိင်တူစိတ်ဝင်စားသူတွေကို တာဝန်ထမ်းခွင့် တားဆီးထားတဲ့ မမေးရ၊ မပြောရ "don't ask, don't tell" မူဝါဒကိုလည်း အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။