A d v e r t i s e m e n t With Us

ကိုးကန့်ဒေသ အရေးပေါ်အခြေအနေ ရက် ၉၀ သက်တမ်းထပ်တိုး

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတာကို လာမယ့် နိုဝင်ဘာ ၁၇ ရက်ထိ  နောက်ထပ် ရက်ပေါင်း ၉၀ တတိယအကြိမ် ထပ်တိုးကြောင်း အစိုးရက ကြေညာပါတယ်။ အရေးပေါ်အခြေအနေ အမိန့်သက်တမ်းဟာ သြဂုတ် ၁၇ ရက်နေ့မှာ သတ်မှတ်ရက် ကုန်ဆုံးပေမယ့် ကိုးကန့်ဒေသမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မူလ အခြေအနေ ပြန်ရောက်ခြင်း မရှိတဲ့အတွက် ခုလို ထပ်တိုးလိုက်တာလို့ သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ထုတ်ပြန်တဲ့  သြဂုတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်ရှိနေမှာဖြစ်ပြီး ဒီတာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဆက်လက် အပ်နှင်းထားတယ်လို့လည်း သမ္မတက သီးခြားကြေညာချက် မနေ့က ထုတ်ပြန်ပါတယ်။ ကိုးကန့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ သက်တမ်းကို နောက်ထပ် ရက်ပေါင်း ၉၀ တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ထပ်တိုးဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အဆိုတင်သွင်းပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ် သဘောတူ အတည်ပြုပေးခဲ့တာပါ။ ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တပ်တွေနဲ့ အစိုးရတပ်တွေအကြား ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရက် ၉၀ ပထမအကြိမ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး မေလ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ်နဲ့ အခု သြဂုတ် ၁၈ ရက်မှာ  တတိယအကြိမ် ထပ်တိုးခဲ့ရတာပါ။

A d v e r t i s e m e n t With Us

More News
Up