ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဥပဒေ အတည်ပြုနိုင်ရေးလွှတ်တော် ဆောင်ရွက်မည်
DVB
·
August 18, 2015
ရွေးကောက်ပွဲကော်မရှင်က အကြိမ်ကြိမ် အတည်ပြုပြဌာန်းဖို့ တိုက်တွန်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေ ပြန်စတဲ့ ပထမဆုံးနေ့မှာပြောကြား လိုက်တာဖြစ်ပြီး ဒီကိစ္စကို လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက လာမယ့် သြဂုတ် ၂၀ ရက်နောက်ဆုံးထားပြီး အစီရင်ခံစာတင်သွင်းဖို့နဲ့ ဥပဒေ အတည်ပြုနိုင်ရေး ဆောင်ရွက်သွား မယ်လို့ လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောပါတယ်။
“လက်ရှိ အခြေအနေမှာ ကျနော် ပြည်ထောင်စုလွှတ်တော်နာယက တာဝန် အလှည့်ကျ ထမ်းဆောင်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို အသုံးပြုပြီး တိုင်တန်းထားကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ဒီအစည်းအဝေးအပြီးမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ လွှတ်တော်အသီးသီးရှိ နိုင်ငံရေးပါတီ အသီးသီး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပါ။ ဆွေးနွေးညှိနှိုင်းမှုက ရရှိတဲ့ အခြေအနေကို ဥပဒေ ပြဌာန်းနိုင်ရေးအတွက်သာ စိစစ်လေ့လာပြီး ဥပဒေကြမ်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ကော်မတီရဲ့အစီရင်ခံစာကို ၂၀ရက် ၈ လ ၂၀၁၅ ကြာသပတေးနေ့ ထက်နောက်မကျစေပဲ လွှတ်တော်သို့ ထပ်မံတင်သွင်းပြီး ကျင်းပဆဲ လွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုနိုင်ရေးစီမံဆောင်ရွက်သွားမည်”လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းရဲ့ဆန္ဒနဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်ရုပ်သိမ်းတဲ့ ဥပဒေကို လက်မခံဘူးလို့ ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြုစုတင်ပြထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လွှတ်တော်ရပ်နား ထားချိန်မှာ ကော်မရှင်က လွှတ်တော်ထံ ၄ ကြိမ်မြောက် ပေးပို့တိုက်တွန်းထားတာဖြစ်ပါတယ်။