A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး

ဓာတ်ပုံ - ရိုက်တာ
အခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လ ဘဏ္ဍာရေး ၃ လပတ်မှာလည်း ဂျပန်နိုင်ငံရဲ့ စီးပွားရေး ကျုံ့ခဲ့ပြီး ဂျပန်အစိုးရရဲ့ စီးပွားရေးဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲရေးတွေအတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။ အခုနှစ် ပထမ ၃ လပတ်ထက် ဂျပန်စီးပွားရေး ၀ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့ခဲ့ပြီး နိုင်ငံခြားပို့ကုန် ကျဆင်းမှုနဲ့ ပြည်တွင်းစားသုံးသူရဲ့ ၀ယ်လိုအား ကျဆင်းမှုတွေကြောင့် အဓိကဖြစ်ရတယ်လို့ ဂျပန်စီးပွားရေးဝန်ကြီးက ဆိုပါတယ်။ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဆယ်စုနှစ်နဲ့ချီပြီး နှေးကွေးနေတဲ့ ဂျပန်စီးပွားရေးကို ပြန်လည်မြှင့်တင်ဖို့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေ ချခဲ့ပေမယ့် အဲဒီမူဝါဒတွေကို ပြန်ပြီးသုံးသပ်ဖို့ ဖိအားပေးခံရနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံကို ဂျပန်ပို့ကုန် ကျဆင်းခဲ့ပြီး ပြည်တွင်းမှာလည်း ရာသီဥတုမကောင်းလို့ စားသုံးသူ ၀ယ်လိုအား ကျဆင်းခဲ့တယ်လို့ ဂျပန်စီးပွားရေးဝန်ကြီးက ပြောဆိုပါတယ်။ ဂျပန်စီးပွားရေး ရေရှည်နာလံပြန်ထူလာဖို့ အားနည်းနေတဲ့ ဂျပန်ယန်းငွေအပေါ်မှာ သိပ်ပြီး မှီခိုတာ မကောင်းဘူးလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဂျပန်အစိုးရကို သတိပေးခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး တုံ့နှေးနေတဲ့ ဂျပန်နိုင်ငံ စီးပွားရေး ပြန်လည်အားကောင်းလာဖို့ ရှင်ဇိုအာဘေး စီးပွားရေးပုံစံ “Abenomics” ဆိုပြီး ၂၀၁၂ ခုနှစ်က စတင် အကောင်အထည် ဖော်နေတာပါ။ ဒီ ဂျပန်ဝန်ကြီးချုပ်ရဲ့ မူဝါဒတွေဟာ ရေတိုမှာ အောင်မြင်သလို ရှိပေမယ့် ရေရှည်မှာ အလုပ်အကိုင် ဈေးကွက် တိုးတက်လာဖို့နဲ့ သိပ်ပြီး အကာအကွယ်ယူထားတဲ့ ထုတ်ကုန်စက်မှုလုပ်ငန်းတွေ ပွင့်လာဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up