A d v e r t i s e m e n t With Us

အကြမ်းဖက်နှိမ်နင်းရေး တင်းကျပ်သည့်ဥပဒေ ပြဋ္ဌာန်းရန် အီဂျစ်သမ္မတ အတည်ပြု

အီဂျစ်သမ္မတ မိုဟာမက် အယ်လ် စီစီ။ (ဓာတ်ပုံ - ရိုက်တာ)
အီဂျစ်သမ္မတ မိုဟာမက် အယ်လ် စီစီက နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေး တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။ ဒီဥပဒေသစ်က အီဂျစ်အထူးတရားရုံးတွေ ဖွင့်လှစ်ပြီး အကြမ်းဖက်မှု ထင်ရှားရင် သေဒဏ်ချမှတ်ခွင့်၊ အီဂျစ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အကြမ်းဖက်မှုနှိမ်နင်းရေး အင်အားသုံးခွင့် အထူးအခွင့်အရေးပေးမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေက အထူးအကာအကွယ် ပေးထားပါတယ်။ အကြမ်းဖက်မှု တရားစီရင်မှုတွေကိုလည်း အထူးတရားရုံးတွေနဲ့ ဖြတ်လမ်း တရားစီရင်ခွင့်ကိုလည်း ဒီဥပဒေသစ်က ခွင့်ပြုသွားမှာပါ။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ အစိုးရက ဒီဥပဒေသစ်ကို ပြဋ္ဌာန်းတာဟာ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့လို့ အစိုးရကို ပြစ်တင်ဝေဖန်နေကြပါတယ်။ ၂၀၁၃ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတ မိုဟာမက်မော်စီကို အီဂျစ်စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံတ၀န်း၊ အထူးသဖြင့် ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းမှာ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာပါ။ အဲဒီတိုက်ခိုက်မှုတွေဟာ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး သေဆုံးခဲ့ကြပါတယ်။ မကြာခင်က မြို့တော် ကိုင်ရိုမှာ အစိုးရရှေ့နေချုပ် ကားဗုံးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို အပြတ်သားဆုံး ရှင်းလင်းအရေးယူမယ်လို့ သမ္မတ စီစီက ပြီးခဲ့တဲ့လက အလေးထားပြောဆိုခဲ့တာပါ။ အခုနှစ် ဖေဖော်ဝါရီလကလည်း အကြမ်းဖက်နှိမ်နင်းရေး ပြင်းထန်တဲ့ဥပဒေတွေကို သမ္မတက ပထမအကြိမ် ပြဋ္ဌာန်းခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up