Home
ဆောင်းပါး
တကယ်အမြီးမဖြောင့်၊ ကျားသစ်အကွက် မပျောက်ရင်တော့ ဂက်ဒေါက်
DVB
·
August 18, 2015
အတိုက်အခံ ပြည်သူ့ပါတီကြီး သပိတ်မှောက်ပြီး ဝင်မပြိုင်ဖြစ်အောင် မမျှတတဲ့ အခြေအနေတွေ ဖန်တီးခဲ့ရုံမက ကြိုတင်မဲ၊ ပယ်မဲ ၀ယ်မဲ၊ မဲလိမ် မဲခိုး ညစ်နည်းအမျိုးမျိုးသုံးလို့ ၂၀၁၀ ရွေးကောက်ပွဲအလိမ်ကြီးကျင်းပ၊ ဇွတ်အဓမ္မ တရားဝင်အစိုးရ လုပ်လာခဲ့တဲ့ ဦးသိန်းစိန်တို့ရဲ့ အစိုးရဟာ ခုဆို ၅ နှစ်သက်တမ်းပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ တကယ်တော့ ၅ နှစ်ဆိုတဲ့ အချိန်ကာလဟာ တိုင်းပြည်တပြည်ကို ပြုပြင်ပြောင်းလဲဖို့ရာ အခြေခံအုတ်မြစ်ချဖို့အတွက် လုံလောက်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အပြောင်းအလဲလုပ်မယ်၊ ကောင်းမွန်သောအစိုးရ လုပ်မယ်လို့ ကြွေးကြော်ခဲ့တော့ ထပ်ဖန်တလဲလဲ အလိမ်ခံခဲ့ရပေမယ့် ရိုးအတဲ့ မြန်မာပြည်သူအချို့ဟာ အစပိုင်းမှာ ဦးသိန်းစိန်အပေါ် ယုံစားမိ၊ မျှော်လင့်မိခဲ့ကြ ပါသေးတယ်။ ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ယာယီရပ်တန့်ပေးတာရယ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ ဖြေလျှော့ပေးလိုက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲထားရာက ပိုက်ဆံပိုရအောင် မျှင်းပြီး နည်းနည်းချင်း ပြန်လွှတ်ပေးသလို ချွေလွှတ်တာကိုပဲ ပြည်သူတွေမှာလေ ကျေးဇူးတွေတင်ကြရ၊ သမ္မတကြီးချင်း မိုးမွှန်အောင် ချီးကျူးသြဘာ ပေးခဲ့ကြရှာတာပါ။ ဒါပေမယ့် ဇာတိရုပ်ဆိုတာ ရေရှည်ဖုံးကွယ်ထားလို့ မရနိုင်သလို မျက်နှာဖုံးဆိုတာ အမြဲစွပ်မထားနိုင်ဘူးလေ။ ကြောင်ကြာကြာရေမငုပ်နိုင်ဘူး ဆိုသလို ရေရှည်ဟန်ဆောင်ထားလို့ မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စစ်မှန်ပြီး အဓိကကျတဲ့ ပြောင်းလဲရေးတွေ လုပ်ရမယ့်အစား စစ်အာဏာရှင်စနစ်ကို အသွင်သစ်နဲ့ အသက်သွင်းလိုတဲ့ ပြောင်းလဲရေးခြေလှမ်းတွေ ဗြောင်လုပ်ဆောင်လာခဲ့တာ မဟုတ်လား။ အခု သက်တမ်းကုန်ဆုံးခါနီးမှာ ပိုပိုဆိုးလာခဲ့တာ လူတိုင်းအသိပါ။ အဆိုးတကာ့ အဆိုးဆုံးက ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးသဘောတူထားတာကို ဗြောင်ချိုးဖောက်ပြီး ကလိန်ကကျစ်နည်းတွေသုံး၊ သားသမီးချင်း ကိုယ်ချင်းမစာဘဲ လူမဆန်အောင် ရိုက်နှက်ဖမ်းဆီး ထောင်ချထားတာ ငါးလကျော်သွားတဲ့အထိ လွှတ်ပေးမယ့်အရိပ်အယောင် မပြခဲ့ဘူး။ ဒါပေမယ့် ရာဇ၀တ်သား လူဆိုးလူမိုက်တွေနဲ့ သစ်ခိုးထုတ်လို့ ထောင်ဒဏ်တသက်တကျွန်း ကျနေတဲ့ တရုတ်လူမျိုး ဘိန်းစား သူခိုးတွေတော့ ၈ ရက်ပဲထားပြီး ပြန်လွှတ်ပေးခဲ့တာ မဟုတ်လား။ စစ်အာဏာရှင်တွေ သွားချင်တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာနဲ့ အဖိနှိပ်ခံပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ပြဒါးတလမ်း သံတလမ်း အကျိုးစီးပွား လားရာလမ်း  မတူကြပါဘူး။ စစ်အာဏာရှင်တွေ ဦးတည်နေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ သူတို့လည်း ဗိုလ်နေမြဲ ကျားနေမြဲ ဥပဒေအထက်မှာနေ၊ ကျူးလွန်ခဲ့တဲ့အမှားပေါင်း ကုဋေကုဋာအတွက်လည်း တာဝန်ယူစရာမလို၊ ပူစရာလည်းမလို၊ ခိုးထား လုထားတဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ အေးအေးလူလူ အဆီယစ် ဇိမ်ကျလို့ရအောင် ပုဒ်မ ၄၄၅ နဲ့ ကာကွယ်ထားတဲ့အပြင် ဒီမိုကရေစီ လမ်းခင်းသူတွေအဖြစ် ကျေးဇူးရှင်လို၊ သူခိုးကို ဘုရားအမှတ် ကိုးကွယ်ခံရအောင် စီမံထားတဲ့ ဒီမိုကရေစီမျိုးလေ။ အဖိနှိပ်ခံပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ လူတိုင်းအတွက် ခွင့်တူညီမျှတဲ့ ဒီမိုကရေစီ၊ ပြည်နယ်ပြည်မ မခွဲခြားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အာမခံတဲ့ ဒီမိုကရေစီ၊ ဥပဒေအထက်မှာ စစ်တပ်အပါအဝင် ဘယ်သကောင့်သားကိုမှ အခွင့်ထူးခံခွင့်မပေးတဲ့ ဒီမိုကရေစီမျိုးပါ။ ကဲ ဒီတော့ စစ်ဘောင်းဘီချွတ် ဦးသိန်းစိန်တို့ အစိုးရဟာ ဒီ ၅ နှစ် အတောအတွင်း ဘယ်လို အပြောင်းအလဲတွေ ဘယ်လောက်လုပ်ခဲ့သလဲဆိုတာ အောက်ပါပေတံတွေနဲ့ အကဲဖြတ်ကြည့် ကြရအောင်။ (၁) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ပုံစနစ်မှန်ကန်ရေး (၂) ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေး (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (၄) အမျိုးသားပြန်လည်သင့်မြတ်ရေး (၅) အဂတိလိုက်စားမှုတိုက်ဖျက်ရေး (၆) လယ်ယာမြေသိမ်းပြဿ      နာဖြေရှင်းရေး (၇) လုပ်ခပြဿ      နာနှင့်အလုပ်သမားအခွင့်အရေး (၈) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီလွတ်လပ်ခွင့် အသိအမှတ်ပြုမှု (၉) သတင်းမီဒီယာလွတ်လပ်ခွင့် အသိအမှတ်ပြုမှု (၁၀) ပညာရေးဥပဒေပြင်ဆင်မှု (၁၁) စီးပွားရေးစီမံကိန်းများချမှတ်မှု (၁၂) နိုင်ငံတကာ စံရည်စံညွှန်းဥပဒေ နည်းဥပဒေများပြဋ္ဌာန်းမှု (၁၃) နိုင်ငံတကာအဆင့်မီ ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (၁၄) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု (၁) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ပုံစနစ်မှန်ကန်ရေး တရားဥပဒေစိုးမိုးရေးကို ဦးသိန်းစိန်တို့ အစိုးရ ၅ နှစ်အတွင်း ပီပီပြင်ပြင် ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတာ အာဏာပိုင်တွေရဲ့ တနိုင်ငံလုံးမှာ ဗွက်ထနေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေက သက်သေခံနေပြီးသားပါ။ ဘယ်လိုလုပ် တရားဥပဒေစိုးမိုးအောင် လုပ်လို့ရမလဲ၊ စစ်ဗိုလ်ချုပ်တွေက ဥပဒေအထက်နေနိုင်အောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အာမခံပေးထားတာကိုး။ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းသော စစ်သားအမတ်တွေ (တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက်) ဟာ ရွေးကောက်ခံစရာမလိုဘဲ ၀င်ထိုင်နေရုံတင်မက ဒီမိုကရေစီနည်းကျဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ အဆိုပြုချက်မှန်သမျှကို ကန့်ကွက်မဲပေးပြီး တားဆီးနေတာဟာ တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနှောင့်ယှက်နေကြတာ မဟုတ်လား။ စစ်တပ်က ပြည်သူနဲ့ကင်းကွာပြီး အခွင့်ထူးခံနေတဲ့ အစဉ်လာဆိုးကြီးကို ပြောင်းလဲဖို့ ဦးသိန်းစိန်တို့အစိုးရ ဘာတခုမှ မလုပ်ဆောင်ပေးတဲ့အပြင် အပြောင်းအလဲလုပ်ဖို့ ထောက်ပြ တောင်းဆိုနေသူတွေကိုတောင် ဖမ်းဆီးချုပ်နှောင်ခဲ့တာ မဟုတ်လား။ စစ်တပ်က မိဘပြည်သူအပေါ် ရာဇ၀တ်မှုကျူးလွန်ရင် အရပ်သားဥပဒေနဲ့ ဆုံးမအပြစ်ပေးပိုင်ခွင့်မရှိ၊ စစ်ခုံရုံး၊ စစ်ဥပဒေနဲ့  အရေးယူတဲ့အခါကြပြန်တော့ သမာသမတ်မရှိ၊ ဘက်လိုက် ဆုံးဖြတ်နေတဲ့ သာဓကတွေက ဦးသိန်းစိန်တို့ အစိုးရလက်ထက်မှာ အများကြီး ဖြစ်ပေါ်ခဲ့တယ်လေ။ အောက်ခြေ စစ်သား အပြစ်တွေနဲ့၊ သူတို့အာဏာ မထိပါးတဲ့ ကိစ္စတွေဆိုရင် အပြစ်ပေးပြမယ်၊ နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ကျူးလွန်မှုတွေဆိုရင် ဖုံးကွယ်တဲ့ဟာ ဖုံးကွယ်၊ ဖျောက်ဖျက်တဲ့ဟာ ဖျောက်ဖျက်ခဲ့ကြတယ်။ စစ်ဥပဒေ၊ အရပ်ဘက်ဥပဒေတွေကို သားရေကွင်းလို အလျှော့အတင်းလုပ်၊ ပြည်သူကို စိတ်တိုင်းကြ နိုင်လိုမင်းထက် ပြုလာခဲ့ကြတာ မဟုတ်လား။ (၂) ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေး သွေးဆာပြီး စစ်သွေးကြွနေတဲ့၊ စစ်နဲ့လုပ်စား ကြီးပွားနေတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေကြောင့် အရှိန်တညီးညီး တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးတောက်ကြီး အောက်မှာ အပြစ်မဲ့တဲ့ အရပ်သား တိုင်းရင်းသား မိဘပြည်သူတွေဟာ မြေဇာပင်ဘ၀နဲ့ ဒုက္ခဆင်းရဲကြီးစွာ ငရဲခံနေရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ ဦးသိန်းစိန်အစိုးရရဲ့ သက်တမ်း ၅ နှစ်တာ အတွင်းမှာလည်း အပစ်ရပ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊ တဘက်ကလည်း စစ်ရေးချဲ့ထွင်မှုတွေ၊ ထိုးစစ်တွေ ခဏခဏဆင်၊ အဲ့ဒါ ငြိမ်းချမ်းရေးလုပ်နေတယ်လို့ ခေါ်နိုင်မလား။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ အပါအ၀င် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဝင်မယ့်သူတိုင်း ကျင့်သုံးစွဲကိုင်ရမယ့် အခြေခံစိတ်ဓါတ်ကတော့ ရိုးသားမှု၊ ကိုယ်ချင်းစာနာမှု ပြည့်ဝဖို့ပါ။ စစ်ဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင်တွေမှာ ငြိမ်းချမ်းရေးကို တကယ်ရဖို့ ဆန္ဒပြင်းထန်မှု မရှိတာပါ။ သူတို့မှာ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒ ပြင်းပြလာအောင် လုပ်နိုင်တဲ့ လက်တွေ့မကျတဲ့ နည်းလမ်းတခုရှိပါတယ်။ အဲ့ဒီနည်းလမ်းက အခုချိန်မှာ တိုင်းရင်းသားတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေး ပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) ကို ကိုင်ဆွဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့တကွ သူတို့ရဲ့ မိသားစုဝင်အားလုံးကို စစ်မီးတောက်လောင်နေတဲ့ အရပ်ဒေသကို ပို့လိုက်ပါ။ ပို့တဲ့အခါမှာလည်း ဒေသခံ စစ်ဘေးဒုက္ခသည်တွေလို လက်နက်မပါ၊ သတ်ဖြတ်မုဒိမ်းကျင့်သူရှိလည်း အကာအကွယ်မဲ့၊ အစားအသောက်မဲ့၊ နေစရာမဲ့၊ ဆေးဝါးမဲ့ ပို့ပေးလိုက်ပါ။ ဒီနေ့ပို့လိုက်ရင် ဒီနေ့ပဲ သူတို့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးလက်မှတ် ချက်ချင်းထိုးကြမှာပါ။ ဆိုလိုချင်တာက လက်နက်မဲ့ပြည်သူတွေ ခံစားနေရတဲ့ စစ်ဘေးစစ်ဒဏ်ကို သူတို့ကိုယ်တိုင် မခံစား မနာကျင်ရတော့ ကိုယ်ချင်းမစာနာတာပါ။ ပြည်ထောင်စု မပြိုကွဲအောင်တို့၊ အချုပ်အခြာအာဏာ အထိပါးမခံဘူးတို့၊ ကိုယ့်နယ်မြေကို တလက်မတောင် အကျူးကျော်မခံဘူး ဆိုတာတွေဟာ သူတို့နဲ့ သူတို့ရဲ့မိသားစု အသိုင်းအ၀ိုင်းတွေ အခွင့်ထူးခံစားခွင့် ရနေတာကို အခြေမပျက်စေချင်တဲ့ ဘယာဂတိနဲ့ အတ္တလောဘကို ဖုံးကွယ်ထားတဲ့ မျိုးချစ်စိတ်အတု၊ တိုင်းပြည်ချစ်စိတ်အတုပါ။ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မျက်နှာဖုံးလေးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဦးသိန်းစိန်အစိုးရရဲ့ သက်တမ်း ၅ နှစ်တာအတွင်းမှာ မယ်မယ်ရရ အနှစ်သားပါတဲ့ ပြုပြင်ပြောင်းလဲမှု ဘာတခုမှ မလုပ်ခဲ့ပါဘူး။ ပိုဆိုးတာက ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) မှာပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်း အဆိုကိုတောင် တပ်မတော်သားအမတ်တွေက ကန့်ကွက်ခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းဆိုးကြီးပါ။ ခြိမ်းခြောက်ဟန့်တားမှုအောက်မှာ ဆန္ဒသဘောထား ကောက်ခံခဲ့တာတောင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒမဲ ၅ သန်း ရရှိခဲ့တဲ့ ပြည်သူ့ဆန္ဒကို ပြောင်ပြောင်ကြီး ဆန့်ကျင်ပြခဲ့တာ မဟုတ်လား။ (၄) အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည်ဟာ သူမအဖေ တည်ထောင်ခဲ့တဲ့ စစ်တပ်နဲ့ပတ်သက်ရင် သံယောဇဉ်ကြီးလွန်းတော့ ပျော့ညံ့လွန်းတယ်လို့ သူမကို အနီးကပ်ထောက်ခံနေသူတွေ ကိုယ်တိုင် မှတ်ချက်ပြုရလောက်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးသိန်းစိန်တို့ စစ်တပိုင်း အစိုးရကို လေးပွင့်ဆိုင်တွေ့ဆုံရေးနဲ့ ဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ် တောင်းဆို တိုက်တွန်းခဲ့တာပါ။ အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးမှာ လုပ်ခဲ့သလိုမျိုး စစ်တပ်ကို ဘားတိုက်ထဲ သိက္ခာရှိရှိ ပြန်သွားနိုင်ဖို့၊ လက်ရှိစစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို သက်တမ်းတခုပြီးရင် တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားဖို့ ပြည်သူက တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်ဆင်နိုင်သလောက် ပြင်ဆင်နိုင်ဖို့ အပေးအယူလုပ် ဆွေးနွေးနိုင်မယ်ဆိုရင် စစ်တပ်နဲ့ အပေါင်းအပါ (ခရိုနီ) တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်၊ သူတို့ရဲ့ မတရားသဖြင့် လုယူပိုင်ဆိုင်ထားမှုတွေကို လုံခြုံမှု တစုံတရာပေးမယ့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပုံရပါတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဒီကမ္ဘာမှာ သူတို့ကို အကောင်းဆုံး ကာကွယ်ပေးနိုင်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ကြီးစွာ ဖိတ်ခေါ်မှုကို ကျောခိုင်းပြီး ရလာတဲ့ အခွင့်အရေးကို မိုက်မဲစွာ လွှင့်ပစ်ခဲ့ရုံမက ပမာမခန့်နဲ့ အရည်မရ အဖတ်မရ ၁၂ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင် တွေ့ဆုံမှုတွေ ခေါ်ယောင်ပြ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျောခိုင်းခဲ့တယ် မဟုတ်လား။ အခြားအရေးကြီး ပြုပြင်ပြောင်းလဲရမယ့် လိုအပ်ချက် ၁၀ ချက်ဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လယ်ယာမြေသိမ်းပြဿ နာ၊ လုပ်ခပြဿ နာနှင့် အလုပ်သမား အခွင့်အရေး၊ ဒီမိုကရေစီ လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် စတဲ့အပိုင်းတွေမှာလည်း ဘာတခုမှ မယ်မယ်ရရ ထိထိရောက်ရောက် မပြင်ဆင်ခဲ့ဘဲ အပေါ်ယံအကာလေး ထုံးသုတ်သလို အယောင်ပြ အလုပ်တွေနဲ့ အရေးမပါတဲ့ အလုပ်တွေနဲ့ အချိန်ကုန်ခဲ့တာ မဟုတ်လား။ ရူပဗေဒသဘောမှာတော့ အားဘယ်လောက်စိုက်ပြပြ အရွေ့မရှိရင် အလုပ်မပြီးမြောက်ဘူးလို့ သတ်မှတ်သလိုပဲ ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရဟာ ၅ နှစ်အတွင်းမှာ ဘာတွေလုပ်ပြခဲ့ လုပ်ပြခဲ့ မိဘပြည်သူတွေလိုလားတဲ့ အပြောင်းအလဲ အရွေ့မရှိတာမို့ တိုင်းပြည်အကျိုး ရလဒ်အဖြေက ဇီးရိုးပဲထွက်ပါတယ်။ ဒါပေမယ့် သူတို့အကျိုး၊ စစ်အာဏာရှင် အကျိုးဘက်က တွက်ရင်တော့ ၁၀၀ ရာခိုင်နှုန်းပြည့်နဲ့ ဂုဏ်ထူးထွက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တညီတညာတည်း ပြောနေတဲ့စကားက သူတို့ဟာ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ ဆိုတာပါ။ ဒီနေရာမှာ ရှင်းအောင် ပြောချင်တာက ပြည်သူဆိုတာမှာ နှစ်မျိုးခွဲခြားပြောဖို့ လိုပါတယ်။ အဲ့ဒါကတော့ (၁) အဖိနှိပ်ခံပြည်သူအများစုနဲ့ (၂) အခွင့်ထူးခံပြည်သူအနည်းစုတို့ပါပဲ။ ဦးသိန်းစိန်တို့ပြောတဲ့ ပြည်သူဆိုတာ၊ သူတို့ကိုထောက်ခံတဲ့ ပြည်သူဆိုတာ အခွင့်ထူးခံခွင့်ရ၊ အနေချောင် အစားချောင်လို့ အပြောင်းအလဲ မလိုလားတဲ့ အချောင်သမားပြည်သူ လူနည်းစုပါ။ အဲ့ဒီအချက်ကို မြန်မာသိ၊ ကမ္ဘာသိ အတည်ပြု သက်သေပြပေးမှာက လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးပါပဲ။ အဖိနှိပ်ခံ ဆင်းရဲသား၊ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား မိဘပြည်သူ အများစုကြီးကတော့ ၂၀၁၂ ခုနှစ်မှာ ပြုပြင်ပြောင်းလဲမှုလေးတချို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းပေါ် ဦးသိန်းစိန်တို့ စစ်အာဏာရှင်တွေ နောင်တရလာပြီအမှတ်နဲ့ လက်ကမ်းပေးခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ ကျောက်လုံးက ကျောက်လုံးပါပဲ။ မြန်မာစကားပုံတခုရှိပါတယ်။ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတာပါ။ တကယ် အမြီးမဖြောင့်ရင်၊ ကျားသစ်အကွက် မပျောက်ရင်တော့ ဂက်ဒေါက်လို့သာ မြန်မာပြည်သူတွေကိုယ်စား အမှာပါးလိုက်ပါရစေ။ မင်းကောင်းချစ် သြဂုတ်လ ၁၃ ရက် ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024