သမ္မတအစိုးရသစ် ငြိမ်းချမ်းရေးလိုလားဖွယ် မရှိဟုဆို
DVB
·
June 15, 2011
သုံးလနီးပါး သက်တမ်းရှိလာပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားဖွယ်မရှိဘူးလို့ တိုင်းရင်းသားပါတီတွေ အပါအဝင် အတိုက်အခံနိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ဝေဖန် ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲကာလအတွင်းက စတင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပွားလာရတဲ့ တိုက်ပွဲတွေကို ထောက်ရှုပြီး ပါတီခေါင်းဆောင်တွေက ပြောကြားလိုက်ကြတာပါ။
လက်ရှိအခြေအနေမှာလည်း ကချင်ပြည်နယ်အတွင်းက ကေအိုင်အေ (ခေါ်) ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွား နေချိန်မှာ အရင်နဝတနဲ့ နအဖစစ်အစိုးရလက်ထက်တွေက သဘောတူညီချက်တွေနဲ့ အစိုးရသစ်က လွဲချော်သွားပြီလို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက အစိုးရက ပါတီ ထူထောင်ခွင့်မပေးခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတူးရော်က ဆိုပါတယ်။
“အဓိက သူတို့ပြောထားတာက အခုရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့အစိုးရသစ်နဲ့ ဆွေးနွေးပါ။ နိုင်ငံရေးကိစ္စတွေ အဲဒီအခါကျမှ သူတို့နဲ့ဆွေးနွေးပါဆိုပြီး အရင် နဝတ လူကြီးတွေက ပြောထားတဲ့ကိစ္စကတော့ ဖြစ်မလာဘူး။ အခုပြောင်းပြန်ဖြစ်နေတယ်။ စစ်အစိုးရ လက်ထက်မှာတောင်မှ ငြိမ်းချမ်းရေးက တည်တန့်နေခဲ့ပြီးတော့မှ အခု ဒီအစိုးရလက်ထက်မှာမှ ဖြစ်လာတယ် ဆိုတာတော့ တော်တော်လေး ခွကျတယ်။ ပြောဆို ဝေဖန်ဖို့ကလည်း လူတိုင်း သိပြီးသားဆိုတော့ ဘာမှ မဝေဖန်ချင်တော့ဘူး။ အခုအစိုးရက ငြိမ်းချမ်းရေးကို တပ်မတော် အစိုးရလောက် မလိုချင်ဘူး ထင်တယ်။ တပ်မတော်အစိုးရတောင်မှ ငြိမ်းချမ်းရေး နည်းနည်းလိုချင်တယ်။”
ရွေးကောက်ပွဲအနိုင်ရ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။
“တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းတဲ့နည်းကို ရှာဖို့အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ နှစ်ဖက်ဆွေးနွေးနိုင်အောင် နိုင်ငံရေး အားဖြင့်လည်း ဖြေရှင်းသင့်တာတွေ ရှိမယ်။ စစ်ရေးကြီးပဲ နှစ်ဖက် ခုနလို လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ပဲ ပစ်ကိုပစ်ဆိုတာမျိုးကို တခြားနည်းလမ်းကို ပြောင်းစေချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုရမှပဲ ဖွံ့ဖြိုးနိုင်တယ်။ ဖွံ့ဖြိုးမှပဲ ပြည်ထောင်စုကြီးရဲ့ သွေးစည်းညီညွတ်မှုက ပိုခိုင်မြဲလာမယ်။”
ဒါပေမယ့် အခု ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်တိုင်နဲ့ အသစ်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးဦးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးစီးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်တိုင်က ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဦးတူးရော်က မှတ်ချက်ပေး ပြောကြားပါတယ်။
“ဒီစစ်ရေးနဲ့ ပတ်သက်လို့ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကတော့ တစုံတရာ ဝင်စွက်ဖို့ကတော့ အခွင့်အလမ်း သိပ်မရှိဘူးလို့ ကျနော်ထင်တယ်။ လုံခြုံရေးကောင်စီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနပေါ့လေ၊ ကာကွယ်ရေးဦးစီးချုပ် စသဖြင့် သူတို့ရဲ့ အကြံပေးချက်ပေါ့လေ။ သူတို့ရဲ့ တောင်းဆိုချက်၊ သူတို့ရဲ့ တင်ပြချက်ပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး တိုက်မှာတို့၊ ဒါမှမဟုတ် ဆွေးနွေးမှာတို့ အဲလိုမျိုး သူတို့ ဆုံးဖြတ်ကြမယ် ထင်တယ်။”
ဒီလိုတိုင်းရင်းသားလူမျိုးစုတွေနဲ့ အစိုးရတို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေတွေနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူမျိုးစုတွေဘက်က လုပ်ဆောင်စေချင်ပေမယ့် လက်ရှိအစိုးရဘက်က အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ အဓိကအတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော့်သဘောထားအမြင်ကတော့ အရေးကြီးတာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ ဒီ နှစ်ခုနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရက လက်တွေ့ဆောင်ရွက်နေတာ မတွေ့ဘူး။ အဲတော့ ဒီဟာက အားနည်းသွားတဲ့အခါမှာ ခုနလို ပဋိပက္ခက ပွားများလာမယ်။ အဲတော့ ဒီပဋိပက္ခတွေ မပွားအောင်ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်လုပ်ဆောင်ဖို့လိုတယ်လို့ ကျနော်တော့ အဲလိုပဲမြင်တယ်။ အဲတော့ ကျနော်တို့က အခုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး။ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ တိုင်းသူပြည်သား အားလုံးလည်း ပါဝင်သင့်တယ်။ ပါဝင်ဖို့လည်း လိုအပ်တယ်။ အဲဒါကို မလုပ်နိုင်မခြင်းတော့ အခုလို ပဋိပက္ခတွေကတော့ ပွားနေမှာပဲ။ အတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်လို့ကြည့်ရင် တိုင်းရင်းသားတွေဘက်ကတော့ အပြည့်အဝဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အဲတော့ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့လည်း အဲဒီလို ဦးတည်တဲ့ လုပ်ဆောင်မှုတွေ လိုအပ်နေတယ်လို့ ကျနော်အဲဒီလိုပဲ မြင်ပါတယ်။”
၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးယူခဲ့တဲ့ ကေအိုင်အေက အစိုးရရဲ့ လက်နက်ချရေး တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး နှစ်ဘက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။