A d v e r t i s e m e n t With Us

ဆီးရီးယား ဒွန်မာမြို့ ဈေးပေါ် အစိုးရလေကြောင်း ဗုံးကြဲ၊ လူ ၈၀ ခန့်သေဆုံး

ဆီးရီးယားသူပုန်တွေ သိမ်းပိုက်ထားတဲ့ ဒမတ်စကတ်မြို့တော်နားက ဒွန်မာ (Douma) မြို့ ဈေးပေါ်ကို သြဂုတ် ၁၆ ရက်နေ့က အစိုးရရဲ့ လေကြောင်းထိုးစစ်ကနေ ဗုံးကြဲချခဲ့လို့ လူအယောက် ၈၀ ခန့် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။ အနည်းဆုံး လူအယောက် ၂၀၀ လောက် ဒဏ်ရာရခဲ့ကြပြီး လူနာတင်ယာဉ်တွေလည်း မနိုင်ခဲ့လို့ နီးစပ်ရာဆေးရုံနဲ့ ဆေးခန်းတွေဆီ ကြုံရာကားတွေနဲ့ သယ်ပို့ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒွန်မာမြို့ဟာ မြို့တော် ဒမတ်စကတ်နဲ့ ၇ မိုင်အကွာမှာ တည်ရှိပြီး ဒီမြို့ကို သိမ်းပိုက်ထားတဲ့ သူပုန်တွေက မြို့တော်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက်  ပြီးခဲ့တဲ့လအတွင်း ဆီးရီးယားလေတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တိုက်လေယာဉ်တွေ၊ စည်ပိုင်းဗုံးတွေနဲ့ပါ ကြဲချခဲ့တဲ့အတွက် လက်နက်ကိုင်သူပုန်တွေ အပါအ၀င် အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က ဆီးရီးယားအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၃၇ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာ သမ္မတ ဘာရှားအယ်လ်အာဆတ် ဦးဆောင်တဲ့ အစိုးရကို တိုက်ခိုက်နေတဲ့ အိုင်အက်စ် အကြမ်းဖက် အပါအ၀င် သူပုန်တပ်ဖွဲ့တွေ အချင်းချင်းလည်း တိုက်ခိုက်နေကြတာပါ။ ၄ နှစ်ကျော်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်သွားပြီ ဖြစ်ပြီး ဆီးရီးယားပြည်သူ ၉ သန်းကျော်ဟာလည်း စစ်ပြေးဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

A d v e r t i s e m e n t With Us

More News
Up