A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပြည်သူများပါဝင်ရန် ဆော်ဩ

နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲနဲ့​ အား​ပေး​ ​တွေ့​ဆုံပွဲမှာ ပြည်သူတရပ်လုံး​ပါဝင်ဖို့​ ပြည်တွင်း​ နိုင်ငံ​ရေး​တက်ကြွလှုပ်ရှား​သူအဖွဲ့​ ၁၀ ဖွဲ့​က တိုက်တွန်း​လိုက်ပါတယ်။ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကို ဦး​ဆောင်ခဲ့​တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃတပ်​ပေါင်း​စုအဖွဲ့​ကြီး​၊​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​များ​နဲ့​ ဗမာနိုင်ငံလုံး​ ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် စတဲ့​ ပြည်တွင်း​ တက်ကြွလှုပ်ရှား​တဲ့​ အဖွဲ့​ဆယ်ဖွဲ့​ရဲ့​ ပူး​တွဲ​ကြေညာချက်မှာ ငြိမ်း​ချမ်း​ဖွံ့​ဖြိုး​တဲ့​ နိုင်ငံထူ​ထောင်​ရေး​ မြန်မာ့​နိုင်ငံ​ရေး​ ပြဿနာ​တွေထဲမှာ ဦး​စား​ပေး​ ​ဖြေရှင်း​မယ့်​အ​ရေး​ဟာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ဖြစ်တယ်။ ဒါ​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​တွေ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှုမှာ ပြည်သူ​တွေ ပါဝင်ဖို့​ တိုက်တွန်း​တာလို့​ အဖွဲ့​ရဲ့​ ပူး​တွဲ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အစိုး​ရသစ် ​ပေါ်​ပေါက်​နေ​ပေမယ့်​ စစ်ဝတ်စုံချွတ်ပြီး​ တက်လာတဲ့​အစိုး​ရ ဖြစ်သလို လက်ရှိဘက်​ပေါင်း​စုံ အကျပ်အတည်း​ဆိုက်​နေတဲ့​ တိုင်ပြည်နဲ့​ လူထုအ​ခြေအ​နေ တစုံတရာ ​ပြောင်း​လဲ မလာဘူး​လို့​ ​ထောက်ပြထား​ပါတယ်။ ဒီလိုပြည်သူ​တွေကို ပန်ကြား​တိုက်တွန်း​တာနဲ့​ ပတ်သက်ပြီး​ မြန်မာနိုင်ငံလုံး​ ဆိုင်ရာ သံဃာ့​တပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ အရှင် ဦး​ဓမ္မသီရိက အခုလို မိန့်​ပါတယ်။ “​အေး​ချမ်း​သာယာတဲ့​ နိုင်ငံကို ထူ​ထောင်တဲ့​နေရာမှာ ပထမဆုံး​ အ​ရေး​တကြီး​ လိုအပ်တာ နိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​။ အဲဒီနိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​ဆိုရင် အယူအဆ​တွေ မတူလို့​ စစ်အစိုး​ရလက်ထက်မှာ ဖမ်း​ဆီး​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​ လိုအပ်တယ်။ အဲဒီအတွက်ကို ပြည်သူလူထုကြီး​တရပ်လုံး​က ဦး​ဇင်း​တို့​ သံဃာတပ်​ပေါင်း​စုအပါအဝင် အဖွဲ့​ ၁၀ ဖွဲ့​နဲ့​ ပူး​ပေါင်း​ပြီး​တော့​ အစိုး​ရကို ဖိအား​ပေး​ကြပါ။ ဦး​ဇင်း​တို့​ကို အား​ပေး​ကြပါလို့​ နှိုး​ဆော်ရခြင်း​ဖြစ်တယ်။ ​လော​လောဆယ် ဦး​ဇင်း​တို့​ တန်ခိုး​ကြီး​ဘုရား​မှာ သွား​ပြီး​တော့​ ဥပုဒ်​နေ့​တိုင်း​ ဝတ်ပြုဆု​တောင်း​ခြင်း​နဲ့​ပဲ မိမိတို့​ဆန္ဒကို ထုတ်​ဖော်ပြသကြမယ်။ ပထမ​ခြေလှမ်း​အ​နေနဲ့​၊​ ဒုတိယ​ခြေလှမ်း​အ​နေနဲ့​တော့​ သူတို့​က မလိုက်​လျောလာဘူး​ဆိုရင် ဦး​ဇင်း​တို့​က ထပ်ပြီး​တော့​ ​တောင်း​ဆိုတိုက်ပွဲဝင်ဖို့​ ရှိတယ်။” လတ်တ​လောမှာ အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တွေအကြား​ စစ်မက်ဖြစ်ပွား​နေတာနဲ့​ ပတ်သက်ပြီး​ အရှင် ဦး​ဓမ္မသီရိက သ​ဘောထား​ကို အခုလို မိန့်​ပါတယ်။ “အဲဒီနိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​အတွက် ပထမဆုံး​အဆင့်​အ​နေနဲ့​ နိုင်ငံ​ရေး​သမား​တွေကို စပြီး​တော့​ ခြွင်း​ချက်မရှိ အကုန်လုံး​ လွှတ်​ပေး​ရမယ်။ ပြီး​မှ သုံး​ပွင့်​ဆိုင် ရင်ကြား​စေ့​ရေး​၊​ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​နဲ့​ ​ဖြေရှင်း​သွား​ဖို့​၊​ အဲဒါဆိုရင် လက်နက်ကိုင်တဲ့​လူကလည်း​ မကိုင်​တော့​ဘူး​။ ဒါမှသာလျှင် စစ်မှန်ပြီး​ ​အေး​ချမ်း​သာယာတဲ့​ နိုင်ငံသစ်ကို ထူ​ထောင်တဲ့​အစိုး​ရသစ်လို့​ ဦး​ဇင်း​တို့​က ယုံကြည်လို့​ရမယ်။ အခု​တော့​ ဒီလိုမဟုတ်ဘဲနဲ့​ စစ်အစိုး​ရရဲ့​ ပုံစံတိုင်း​ပဲ ဆက်သွား​တဲ့​ အ​နေအထား​ကို ဦး​ဇင်း​တို့​မြင်တယ်။ အရပ်ဝတ်လဲတယ်လို့​ပဲ မြင်တယ်။ ဒီအတိုင်း​သာ ဆက်သွား​နေရင် တိုင်း​ပြည်က ဘယ်လိုမှ ဖွံ့​ဖြိုး​ပြီး​အေး​ချမ်း​သာယာတဲ့​ နိုင်ငံကို မဖြစ်နိုင်ဘူး​။ ဆင်း​ရဲတွင်း​ နက်သထက်နက်ဖို့​ပဲ ရှိ​တော့​တယ်။” ဒါ့​အပြင် ပြီး​ခဲ့​တဲ့​လက ဦး​သိန်း​စိန်အစိုး​ရက လွတ်ငြိမ်း​ချမ်း​သာခွင့်​ဆိုပြီး​ တနှစ်​လျှော့​ပြီး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​တာဟာ မြန်မာအစိုး​ရအ​ပေါ် နိုင်ငံတကာရဲ့​ ဖိအား​လျော့​ပါး​စေ​အောင် အစိုး​ရက နိုင်ငံတကာကို လိမ်လည်လှည့်​ဖျား​တာ ဖြစ်တယ်လို့​လည်း​ သူက မိန့်​ကြား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up