A d v e r t i s e m e n t With Us

အိန္ဒိယ – ပါကစ္စတန်နယ်စပ်တွင် နှစ်ဘက်တပ် ပစ်ခတ်မှုဖြစ်၊ ၈ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယ နဲ့ ပါကစ္စတန်နယ်စပ်က ကက်ရှ်မီးယားဒေသမှာ နှစ်ဘက်တပ်တွေ ပစ်ခတ်မှု ထပ်ဖြစ်ရာမှာ လူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားနေတဲ့ နယ်မြေမှာ ဒီလပိုင်းတွေအတွင်းမှာ ထိပ်တိုက် ရင်ဆိုင်တာတွေ ပိုဆိုးလာနေပြီး အဆင့်မြင့်အရာရှိတွေ သြဂုတ် ၂၃ နဲ့ ၂၄ ရက် ၂ ရက်ကြာ နယူးဒေလီမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ နယ်စပ် တောင်ပေါ်ဒေသကနေ မီးခိုးတွေ အူထွက်နေပြီး ဒေသခံတွေဟာလည်း ကြောက်လန့်တကြား ထွက်ပြေးနေကြပါတယ်။ လက်နက်ကြီးသံတွေ ၂ ရက်ဆက်တိုက် ကြားရပြီး အန္တရာယ်များတဲ့ အခြေအနေကြောင့် ရွာကနေ စွန့်ခွာသွားမယ်လို့ ရွာသားတွေက ပြောပါတယ်။ အိန္ဒိယဘက်မှာတော့ အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင်တယောက်က ပါကစ္စတန်နဲ့ ဖြစ်တဲ့ နယ်စပ်ပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အိန္ဒိယမြောက်ပိုင်း ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ် လက်ထောက် ၀န်ကြီးချုပ် နာမေးဆင်းက အပစ်ရပ်စဲရေးကို အမြန် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က စတင်ခဲ့ပြီး ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့တို့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ နှစ်နိုင်ငံကြားမှာ လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး စစ်ပွဲကြီး ၃ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up