ရေဘေးဒဏ်ခံ လယ်သမားများကို အချိန်မီကူညီရန် လိုအပ်ဟု ကုလသတိပေး
DVB
·
August 16, 2015
မြန်မာပြည်မှာ ကြုံခဲ့ရတဲ့ ရေဘေးအလွန် ရိက္ခာပြတ်လပ်မှုကို ရှောင်ရှားဖို့ အဆိုးဆုံး ခံစားခဲ့ရတဲ့ ဒေသက လယ်သမားတွေအတွက် အချိန်မီ အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ရေဘေးကို လူ ၁ ဒသမ ၃ သန်းခံစားခဲ့ရပြီး၊ အခုရက်ပိုင်းအတွင်း ရေကျသွားပေမယ့် လယ်သမားတွေအနေနဲ့ စိုက်ပျိုးရာသီအမီ အစားထိုးစိုက်ပျိုးနိုင်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံး (OCHA) မြန်မာပြည်ဌာနခွဲရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပီရာရီ ပါရွန်းက ပြောပါတယ်။
ပျက်စီးသွားတဲ့ လယ်စိုက်ခင်းတွေ နေရာမှာ အစားထိုးဖို့အတွက် ပျိုးပင်နဲ့ မျိုးစေ့တွေကို နှစ်ပတ်အတွင်း မရရင် စိုက်ပျိုးရာသီကို ကျော်သွားပြီး ရိက္ခာဖူလုံရေးအတွက် ထိခိုက်နိုင်တယ်လို့ သတိပေးလိုက်တာပါ။
စိုက်ပျိုးရေးနဲ့ ဆည်းမြောင်းဌာနရဲ့ အဆိုအရ ရေကြီးမှုအတွင်း စပါးစိုက်ဧက ၁ ဒသမ ၄ သန်း ရေနစ်မြှုပ်ခဲ့ပြီး ဧက ၅ သိန်း ပျက်စီးခဲ့တဲ့အတွက် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းနောက်ပိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရက မျိုးစေ့ ထောက်ပံ့ပေးနေပေမယ့် မလုံလောက်သလို၊ ချင်းပြည်နယ်မှာဆိုရင် မိုးသည်း မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးကတည်းက အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်သွားလို့ လူတွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။